နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ
by -
နော်အဲဏီ

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေကျေးရွာတွင် တပ်စခန်းချနေသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင် ဦးဆောင်သော တပ်ရင်း (၄၀၉) သည် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဝေါ်လေကျေးရွာရှိ ...

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေကျေးရွာတွင် တပ်စခန်းချနေသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင် ဦးဆောင်သော တပ်ရင်း (၄၀၉) သည် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဝေါ်လေကျေးရွာရှိ ရွာသားများ၏ အိမ်ကို တက်ပြီး အိမ်တွင်းရှိ အင်္ကျီအဝတ်အစားများ၊ ကုတင်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ နေထိုင်ရာ တပ်စခန်းသို့ ယူဆောင်သွားသည်ဟု ဝေါ်လေရွာသား တစ်ဦးက ဆိုသည်။

အဆိုပါ တပ်သည် ဝေါ်လေကျေးရွာရှိ ရွာသားများအား ကေအဲန်ယူနှင့် တိုက်ပွဲ ဖြစ်မည်ဟု ကြေညာပြီး ရွာသားများအား (၂၃) ရက်နေ့တွင် ရွာမှ ရှောင်ခိုင်းခဲ့သည်။

အဆိုပါ ရွာသားများ ရွာမှ ရှောင်ထွက်သွားချိန်တွင် ၎င်းတို့ အဖွဲ့သည် အိမ်များသို့ တက်ရောက်ပြီး အကျီများ၊ ကုတင်များ၊ အိမ်အသုံးအဆောင်အချို့နှင့် ကြက်၊ ဘဲများကို မိမိတို့ စခန်းရှိရာသို့ ယူဆောင်သွားသည်ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

တိုက်ပွဲ မဖြစ်သဖြင့် ညပိုင်းရွာသားများ မိမိတို့ အိမ်သို့ ပြန်လာရာ ၎င်းတို့ ပျောက်နေသော ပစ္စည်းများကို နအဖ၏ တပ်စခန်းတွင် တွေ့သည်ဟု ဆိုသည်။

အလားတူစွာပင် မြဝတီခရိုင် နယ်ခြားစောင့်တပ်ရင်း (၉၉၉) တပ်ရင်းမှူး စောချစ်သူ လက်အောက်ခံ တပ်ခွဲမှူး ဖားတောကူး ဦးဆောင်သည့် တပ်ဖွဲ့မှ နိုဝင်ဘာ (၂၂) ရက်နေ့တွင်  အတွင်း မက်ကနဲကျေးရွာ၌ တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာအတွက်ဟု ဆိုကာ တစ်အိမ်လျှင် (၅၀၀) ကျပ် ကောက်ခံခဲ့သည်ဟု ၎င်းရွာမှ ရွာသားတစ်ဦး ပြောပါသည်။

"သူတို့ အဖွဲ့ ရောက်လာပြီးတော့ ရဲဘော်တွေအတွက် ကြက် ၀က်ဝယ်စားဖို့ ဆိုပြီး တအိမ်ကို (၅၀၀) ကျပ် ကောက်တယ်။ သူကြီးက ကောက်ခံရတာပေါ့။ ရှိတဲ့ သူအတွက်တော့ ကိစ္စ မရှိပေမဲ့ ကျွန်တော်တို့ ရွာက ဆင်းရဲတယ်လေ။ ဒါပေမဲ့ ကြောက်တော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပေးရတာပေါ့။"

တပ်ရင်းမှူး စောချစ်သူ၏ လက်အောက်ခံ အဆိုပါ တပ်ဖွဲ့သည် တစ်ရွာမှ တစ်ရွာသို့ လှည့်လည်သွားရောက်နေသော စစ်ကြောင်း အဖွဲ့ ဖြစ်ပါသည်။ စောချစ်သူ ဦးဆောင်သော (၉၉၉) တပ်ရင်းသည် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံသော အဖွဲ့ ဖြစ်ပါသည်။

ယခုအခါ မြဝတီမြို့ လုံခြံုရေးကို တာဝန်ယူထားရပြီး ကေအန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံးကို မြန်မာစစ်အစိုးရမှ ထိုးစစ်ဆင်ရာတွင် အဓိက အားထားရသူ တစ်ဦးဟု သတင်းထွက်ပေါ်နေသူ တစ်ဦးလည်း ဖြစ်သည်။

Most read this week