၂၁ ရာစု ပင်လုံညီလာခံ အမြန်ဆုံး အကောင်အထည်ပေါ်လာရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကြရန် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က တိုက်တွန်းသွား ...
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၁ ရာစု ပင်လုံညီလာခံ အမြန်ဆုံး အကောင်အထည်ပေါ်လာရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကြရန် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က တိုက်တွန်းသွားသည်။
ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ခန်းမတွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဟု ခေါ်သော တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ညီလာခံ အကောင်အထည် ဖော်နိုင်ရေး နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံကြရန် ပန်ကြားလိုက်သည်။
“ဒုတိယ ပင်လုံညီလာခံဆိုတာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်” ဟု မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့မှ မခင်ဥမ္မာက ပြောသည်။
ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသော ညီလာခံ ခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်အား ယခုလ ၂ဝ ရက်က လွှဲပြောင်းပေးခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲတွင် ၅၉ နေရာ အနိုင်ရခဲ့သော ကျားဖြူခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးက ဒုတိယပင်လုံညီလာခံ ကျင်းပရန် အချိန်စောသေးသည်ဟု မဇ္ဈိမကို မကြာခင်က ပြောခဲ့ဖူးသည်။
ဝေဖန်သူများကလည်း ဤ၂၁ ရာစု ပင်လုံ ညီလာခံသည် ပဋိပက္ခလမ်းကြောင်းကို ဦးတည်နေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်လျှင် ဖမ်းဆီးခံရနိုင်ကာ နိုင်ငံရေးလှုပ်ရှားမှုများ နှောင့်နှေးသွားမည်ဟု ထင်ကြေး ပေးကြသည်။
မခင်ဥမ္မာကတော့ ဤအခြေအနေမျိုးသည် နိုင်ငံရေးခေါင်းဆောင် အနည်းစု၏ ယူဆချက်သာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်ပါက မပြောပလောက်ဟု ဆိုသည်။
မြန်မာအစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို လက်ခံရန် ခဲယဉ်းသော်လည်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပါက ယခုညီလာခံ အကောင်အထည် ပေါ်လာနိုင်သည်ဟု သူက ယုံကြည်သည်။
ရွေးကောက်ပွဲအပြီးနောက်တရက် ထိုင်းမြန်မာနယ်စပ် တိုက်ပွဲများမှ ကျန်ရှိနေသေးသော စစ်ပြေး ဒုက္ခသည်များကိုလည်း အကူအညီပေးရန် ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မခင်ဥမ္မာ ထည့်သွင်း ပြောဆိုသွားသည်။
မဲဆောက်တွင် ပုန်းခိုနေသော စစ်ပြေးဒုက္ခသည် နှစ်ထောင်ရှိနေပြီး ဘုရားသုံးဆူ တွင်လည်း စစ်ပြေးဒုက္ခသည် ၁ဝဝ ကျော် ကျန်နေသေးသည်ဟု မခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။