အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီလော

အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီလော
by -
ကိုသိုက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တပ်မတော် ...

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဒေသက အဖွဲ့တွေထဲက ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဒီလဆန်းပိုင်းလောက်က ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ လျှို့ဝှက် တွေ့ဆုံခဲ့ကြပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိင်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ဖေါ်ဆောင်နိုင်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်င်ငံတော်ကို တည်ဆောက်နိုင်ဖို့အတွက် စတဲ့အချက်တွေကို ဦးတည်ထား ဆွေးနွေးသွားခဲ့တယ်လို့ တက်ရောက်တဲ့ အဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပူပူနွေးနွေးအချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ်မှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံငြင်းပယ်ခဲ့တဲ့ ဗိုလ်မှူးကြီးစောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြား ကြိုကြားကြိုကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အပြင် အခြားဒေသတချို့မှာလည်း အလားတူ စစ်ပွဲငယ်လေးတွေ ဖြစ်ပွားခဲ့ပါတယ်။

ခုလိုအခြေအနေမျိုးမှာ နအဖနဲ့ အပြစ်ရပ်အဖွဲ့တွေအကြား အပစ်ရပ်လုပ်ထားခဲ့တာ နိဂုံးချုပ်သွားပြီလို့ အပစ်ရပ်အဖွဲ့တွေသာမက အပစ်ရပ်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်ခံပြောဆိုနေကြပါတယ်။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ် မွန်ပြည်သစ်ပါတီရဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက လက်ရှိအနေထားကို အခုလို ပြောပါတယ်။

“အခုက အခြေအနေကတစ်မျိုးပြောင်းသွားတယ်လေ။ အပစ်ခတ်ရပ်စဲရေးကလည်း နိဂုံးချုပ်သွား ပြီးဖြစ်တယ်။ ဒီအားလုံးဟာဘဝတူဖြစ်သွားပြီး။ အခုတပ်ပေါင်းစုဟာ မကြာခင်တုန်းက အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့ ဒီအပစ်ခတ်ရပ်စဲထားခြင်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့ကြီးတွေဆိုပါစို့ပေါ့နော်။ နိုင်ငံရေးအရရော စစ်ရေးအရရော အခြေခံရှိတဲ့အဖွဲ့တွေ ဒါကထူးခြားမှုတစ်ရပ်ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရ ကမ်းလှမ်းခဲ့တဲ့ သံသယဖြစ်ဖွယ် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လုံးဝငြင်းပယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီကတော့ အခုအချိန်မှာ ၎င်းတို့အဖွဲ့ စစ်ရေးပြင်ဆင်တဲ့အနေနဲ့ မြို့ပေါ်မှာရှိတဲ့ ရုံးတွေက ၀န်ထမ်းတချို့ကို အရေအတွက် လျော့ချလိုက်ပြီး၊ တပြိုင်နက်ထဲမှာ တပ်ရင်းက တပ်ဖွဲ့ဝင်အားလုံးကို စစ်ရေးအသင့်အနေအထားရှိဖို့ ပြင်ဆင်ထားပါတယ်။ အကယ်၍ စစ်အစိုးရတပ်ဖွဲ့ဝင်များ ၎င်းတို့ထိမ်းချုပ်နယ်မြေထဲ တစုံတရာ အကြောင်းကြားခြင်းမရှိဘဲ ၀င်လာခဲ့ရင် ပစ်ပိန့်ပါ ပေးထားပါတယ်။

ဒါ့အပြင်ပါတီရဲ့ဗဟိုဌာနချုပ်ကိုလည်း လုံခြံုတဲ့ နေရာတခုစီကို ကြိုတင်ပြောင်းရွှေ့ထားပြီးလည်း ဖြစ်ပါတယ်။

တပ်အသွင်ပြောင်းလဲရေးကိုလက်မခံတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို စစ်အစိုးရက ပုံစံအမျိုးမျိုး ဆက်ပြီးအကြပ်ကိုင်လာခဲ့ရာကနေ စစ်ရေးအရ ထိုးစစ်ဆင်လာမယ့် အလားအလာတွေအပေါ် ကျန်တဲ့ လက်နက်ကိုင် အဖွဲ့စည်းအသီးသီးကလည်း လက်နက်အင်အား၊ လူအင်အား ကြိုတင်ပြင်ထားကြသလို အကယ်၍ နအဖဖက်မှ ထိုးစစ်ဆင်လာပါကလည်း တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် အကူအညီပေးကြဖို့ ၎င်းတို့အဖွဲ့တွေကြား သဘောတူညီချက်တွေရရှိထားပြီး ဖြစ်တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

ဒီလဆန်းပိုင်းမှာပဲ DKBA တပ်မဟာ (၅) ကိုဦးဆောင်တဲ့ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ်စောလားပွယ်တပ်ဖွဲ့ဟာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ မြဝတီမြို့ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ဒီကနေ့အထိ မြဝတီနဲ့ ဝေါ်လေဂွင်မှာ စစ်အစိုးရနဲ့ DKBA အကြား တိုက်ပွဲတွေဖြစ်ပွါးနေဆဲ အနေအထားမှာရှိနေပါတယ်။

ဒါ့အပြင် DKBA တပ်မဟာ (၅) လက်အောက်ခံ ဗိုလ်စတီး ဦးဆောင်တဲ့ တပ်ရင်း (၉၀၉) က တပ်အင်အား (၁၀၀) ခန့်ဟာ ဒီလ (၁၇) ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ၀င်ရောက်ပူးပေါင်းခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးတဲ့ DKBA အဖွဲ့ကတော့ သီးခြားရပ်တည်သွားမယ်လို့ပြောဆိုမှုတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အလားတူ ဒု-ဗိုလ်မှူးကြီး စောနော်တာရာဦးစီးတဲ့ DKBA (၉၀၇) တပ်ဖွဲ့တွေဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို (၂) ရက်လောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ကိုလည်း လက်မခံတဲ့အပြင်၊ စစ်အစိုးရကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လို့ ဘုရားသုံးဆူမြို့ကိုသိမ်းပိုက်လိုက်တာလို့ ပြောပါတယ်။ ခုလိုသိမ်းပိုက်ရာမှာ DKBA တပ်နောက်ကွယ်ကနေ KNU လက်အောက်ခံ တပ်ရင်း (၁၆) က စစ်ရေးအကူအညီပေးခဲ့တယ်လို့ ထိုင်း စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။  
ဒု-ဗိုလ်မှူးကြီး စောနော်တာရာဦးစီးတဲ့ DKBA (၉၀၇) တပ်ဖွဲ့တွေဟာ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ လက်မခံတဲ့အဖွဲ့ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောလားပွယ်နဲ့ စိတ်တူသဘောတူဖြစ်သူတစ်ဦးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အခုလို မြဝတီမြို့နဲ့ ဘုရားသုံးဆူမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အချိန်နဲ့တပြေးညီဖြစ်နေတယ်လို့ ထိုင်းအခြေစိုက် စစ်ရေး အကဲခတ် သူတွေကဆိုပါတယ်။

မြန်မာစစ်အစိုးရကို နှစ်ပေါင်း (၆၀) ကျော် တော်လှန်နေတဲ့ KNU အဖွဲ့အနေနဲ့ တကယ်လို့ DKBA ကို တိုက်ခိုက်လာရင်တော့ စစ်ရေးအရကူညီသွားမယ်လို့ တရားဝင်ပြောဆိုထားပါတယ်။ တပြိုင်တည်းမှာပဲ စစ်အစိုးရက ထိုးစစ်ဆင်လာခဲ့ပါက KNU နဲ့ DKBA ပေါင်းပြီး ပြန်လည်တုန့်ပြန်သွားမယ်လို့ ၎င်းတို့အဖွဲ့က တာဝန်ရှိသူတွေက ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် အခြေဆိုက်တဲ့ လက်နက်အင်အား၊ လူအင်အား တောင့်တင်းတဲ့ ၀သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဗိုလ်မှူးကြီးတစ်မိန်းက လက်ရှိ တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့တချို့အပေါ် ထိုးစစ်ဆင်နေတဲ့အပေါ် အခုလို သုံးသပ်ပြောဆိုသွားပါတယ်။

“နအဖ စစ်အုပ်စုက ကိုးကန့်ကိုတိုက်တာ သက်သေပဲ။ ပြီးခဲ့တဲ့့လတွေကလည်း ရှမ်းပြည်တပ်မတော် အပစ်ရပ်မြောက်ပိုင်းတပ်ဖွဲ့ကို သုံးကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်တယ်။ တဖွဲ့ကိုတိုက်ပြီးရင် နောက် တဖွဲ့ကိုလှည့်တိုက်မှာပဲ။ ၀’ ကိုတိုက်ပြီးရင် ရှမ်းကိုပြန်တိုက်မှာပဲ။ သူတို့ပေါ်လစီအရ အားလုံးကို ၀ါးမြိုဖို့ပဲ။ ဒီဖက်က အင်အားတိုးချဲ့မထားရင် သူကအင်နဲ့အားနဲ့ လာတိုက်မှာပဲ။ ကျနော်တို့ တိုင်းရင်းသားတွေ မစုရုံးလို့ မဖြစ်တော့ဘူး၊ စည်းရုံးဖို့အချိန်တန်ပြီ” ဟု ဆိုသည်။

လက်ရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဒေသက တပ်ဖွဲ့တွေဟာလည်း စစ်ရေးအသင့်အနေအထား ပြင်ဆင်နေပြီးလို့ အမည် မဖေါ်လိုသူ ရှမ်းပြည်မြောက်ပိုင်းတော်လှန်ရေးသမားဟောင်း တစ်ဦးက အခုလိုပြောပါတယ်။

“အပစ်ရပ်တွေအားလုံးက အသင့်ပြင်ထားတဲ့အနေအထားမှာရှိတယ်။ အတိအကျတော့ပြောလို့တော့ မကောင်းဘူး။ အပစ်ရပ်တပ်ဖွဲ့တခုဆို သူ့ဒေသကိုကာကွယ်ဖို့ သူ့ရဲ့တပ် ဌာနချုပ်ကို ပိတ််ပြီး ကာရံထားတယ်။ နယ်ခြားတလျှောက် အင်အားနဲ့ ကတုတ်ကျင်းတွေနဲ့ ကာရံထားတာတို့ ရဲဘော်ဟောင်းတွေ အားလုံး ပြန်ခေါ်ပြီး လက်နက်ပြန်လည်တပ်ဆင်ပေးတာတို့ စသဖြင့် အားလုံးပြင်ဆင်ထားတယ်” ဟု အခိုင်အမာပြောဆိုသည်။

အခုလိုတိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုကြီး ပေါ်ပေါက်လာရင် အကျိုးရှိနိုင်တယ်လို့ CNF အဖွဲ့က ဒု-ဗိုလ်မှူးကြီး ပူးဗျက်လျန်းက သူ့အမြင်ကို အခုလိုပြောလာပါတယ်။

“တစ်သွေးတစ်သံတစ်မိန့်ရဲ့အောက်မှာ လုပ်နိုင်ရင်တော့ အကျိုးတော့ရှိမှာပါ။ အနှောက်အယှက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေအသီးသီးတော့ ကိုယ်ကပဲ ကိုင်တယ်လေ။ ထိရောက်မှုတော့ရှိမှာပဲလို့ ကျနော််ကတော့ထင်တာပဲ” ဟု ဆိုသည်။

စစ်အစိုးရအနေနဲ့တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိတ်ပင်ထားယုံမက လူမျိုးရေးအရ စစ်ရေးအရ ၀ါးမြိုမှုတွေရှိနေတဲ့အတွက် တော်လှန်တဲ့စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ့် အနေအထားမှာ ရှိနေတယ် လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်အများစုကတော့ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး တစုံတရာ အပြောင်းအလဲဖြစ်မယ်လို့ ယုံကြည်မှုမရှိကြတဲ့အပြင်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးဟာလည်း ဆက်လက်ဆုံးရှံုးနေအုံးမှာ ဖြစ်တယ်လို့ ယုံကြည်နေကြသူတွေပါ။

စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တွေနဲ့ အပစ်ခတ်ရပ်ဆဲထားခဲ့ပေမယ့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးကို ဒီကနေ့အထိ လက်မခံငြင်းပယ်နေသေးတဲ့အပြင် ၎င်းတို့နဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနဲ့ လက်နက်ချရေးကိုသာ တဖက်သတ်အကြပ်ကိုင် တောင်းဆိုနေတာကြောင့် ရှေ့ဆက်ပြီး အပစ်ရပ်အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြား တင်းမာမှုတွေဆက်တိုက်ဖြစ်နေပါတယ်။

စစ်အစိုးရနဲ့ ၎င်းတို့နဲ့ အပစ်ရပ်လုပ်ထားတဲ့ အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကာလ နိဂုံးချုပ်သွားပြီလော၊ အဆုံးသတ်သွားပြီလားဆိုတဲ့မေးခွန်းက အခုလို ၂ ဖက်အကြား တင်းမာမှုတွေဆက်တိုက်ဖြစ်နေတာနက်တပြိုင်နက် စစ်ရေးအရ ဖြေရှင်းဖို့ပြင်ဆင်မှုတွေ လုပ်နေကြတာက သက်သေတစ်လို ဖြစ်နေပါတယ်။