သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ ကချင်၊ သျှမ်းနှင့် တရုတ်လူမျိုး များအား လူဦးရေ သတ်မှတ်ကာ ပြည်သူ့စစ် စုဆောင်းနေ ...
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ ကချင်၊ သျှမ်းနှင့် တရုတ်လူမျိုး များအား လူဦးရေ သတ်မှတ်ကာ ပြည်သူ့စစ် စုဆောင်းနေကြောင်း သိရသည်။
မုံးပေါ်ပြည်သူ့စစ်အဖွဲ့၏ လက်နက်ကိုင် အင်အားကို လူ ၃၀၀ အထိ တိုးချဲ့ဖွဲ့စည်းနေရာ လွန်ခဲ့သည့်လပိုင်းကကျေးရွာ အလိုက် လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုနောက်ထပ်တစ်ကြိမ် လူမျိုးအလိုက်ထပ်မံစုဆောင်း ခြင်းဖြစ်သည်။
၎င်းပြည်သူ့စစ်အဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “အရင်တစ်ခေါက်ရွာ အလိုက်စုတာ လိုတဲ့အင်အားကို ထပ်တောင်းတာ ကချင် ၊ သျှမ်း ၊ တရုတ် လူမျိုးအလိုက် သွားလုပ်ရမယ် လူပျိုလူလွတ်ဆို ထွက်ပြေးလို့ မယူဘူးတဲ့ အိမ်ထောင်ရှိတဲ့ လူပဲယူမယ်တဲ့ ” ဟု သူက ဆိုသည်။
မုံးပေါ်ဒေသအတွင်း ကချင်ရွာအများအပြားရှိသည့်အတွက် ကချင်လူမျိုး ၄၀ ၊ သျှမ်း ၂၀ နှင့် တရုတ် ၁၀ ယောက်စီ တောင်းခံထားကြောင်း သိရသည်။
ယခုကောက်ခံသည့် လူအင်အားကို ဒီဇင်ဘာလကုန် နောက်ဆုံး စာရင်းပေးသွင်းရမည် ဖြစ်ပြီး လာမည့်နှစ် ဇန်နဝါရီလ ဆန်းပိုင်းတွင် ၄င်းပြည်သူ့စစ်အဖွဲ့ အခြေပြုရာ မိုင်ဖန်ကျေးရွာ၌ စစ်သင်တန်းတက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
မုံးပေါ်ပြည်သူ့စစ်ခေါင်းဆောင်မှာ ဦးကိန်မိုင်ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်များက ခေါင်းဆောင်များအတွက် ထင်းခုတ်၊ သစ်ခုတ်၊ မီးသွေးဖုတ်၍ ငွေရှာပေးရကြောင်း သိရသည်။