စစ်ဆေးရုံတွင် အန်အယ်ဒီ သွေးလှူ

စစ်ဆေးရုံတွင် အန်အယ်ဒီ သွေးလှူ
by -
မြင့်မောင်

ရန်ကုန်မြို့ မင်္ဂလာဒုံ အမှတ် ၂ စစ်ဆေးရုံတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် သွေးပုလင်း ၁၉ ပုလင်း လှူဒါန်းခဲ့ကြောင်း အန်အယ်ဒီ သွေး အကူအညီပေးရေး အဖွဲ့က ပြောဆို ...

နယူးဒေလီ (မဇ္စျိ)။        ။ ရန်ကုန်မြို့ မင်္ဂလာဒုံ အမှတ် ၂ စစ်ဆေးရုံတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် သွေးပုလင်း ၁၉ ပုလင်း လှူဒါန်းခဲ့ကြောင်း အန်အယ်ဒီ သွေး အကူအညီပေးရေး အဖွဲ့က ပြောဆိုသည်။

သွေးကူညီရေးအဖွဲ့က ဦးဆောင်ကာ အန်အယ်ဒီ လူငယ်များသာမက ကျောင်းသားများ၊ ဆရာဝန်များ၊ တပ်မတော် အရာရှိဟောင်းများနှင့် ကရုဏာ သွေးလှူရှင်အသင်းမှ အဖွဲ့ဝင်များက စစ်ဆေးရုံတွင် စုပေါင်း သွေးလှူဒါန်းခြင်း ဖြစ်သည်။

“တပ်မတော်သားတွေက ကျနော်တို့ရဲ့ ရန်သူ မဟုတ်တဲ့အကြောင်းကို သက်သေထူတဲ့အနေနဲ့ တပ်မတော် စစ်ဆေးရုံမှာ သွေးလှူဒါန်းခဲ့တာပါ” ဟု အဖွဲ့ တာဝန်ခံ ကိုညီညီက မဇ္စျိမကို ပြောသည်။

ကိုယ်တိုင် သွေးလှူခဲ့သည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က  “နိုင်ငံသူ၊ နိုင်ငံသား အချင်းချင်း၊ ခေါင်းဆောင် အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း တညီတညွတ်ထဲ စိတ်ဝမ်းမကွဲဘဲ စုပေါင်းပြီး အလုပ်သင့်ဆုံး အချိန်တခုပါ။ ဒီလို အခြေအနေမျိုး၊ အချိန်အခါမျိုးမှာ လူငယ်တွေက ထက်ထက်သန်သန်နဲ့ ကိုယ်ခန္ဓာထဲက သွေးကို ရင်းပြီး၊ စွန့်ပြီးတော့ လှူဒါန်းမှု လုပ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဆိုသည်။

တလလျှင် လိုအပ်သည့် သွေးပုလင်း အရေအတွက်မှာ အတိအကျ မရှိသော်လည်း ရှေ့တန်းတွင် တိုက်ပွဲဖြစ်ပွားမှု များလျှင် ဗဟိုသွေးလှူဘဏ်မှ ယူရလေ့ရှိကြောင်း အမှတ် ၂ စစ်ဆေးရုံတွင် တာဝန်ကျနေသူ ဆရာဝန်တဦး အဆိုအရ သိရသည်။

“တလသွေးပုလင်း ဘယ်လောက်လိုတယ်၊ ဘယ်လောက် ကုန်တယ်ဆိုတာ သတ်မှတ်ချက် မရှိဘူး။ ရှေ့တန်းမှာ တိုက်ပွဲဖြစ်လို့ လူနာများရင် သွေးကို ဗဟိုသွေးလှူဘဏ်ကနေပဲ ယူတယ်။ ဒီကြားထဲမှာ လိုအပ်ရင် လိုအပ်သလို သွေးလှူဘဏ်ကပဲ ယူသုံးတယ်’’ ဟု သူက ပြောသည်။

သာမန် ဆေးရုံများ သွေးလိုအပ်ချက်အတိုင်း ခန့်မှန်းရလျှင် အမှတ် ၂ စစ်ဆေးရုံမှာ ကုတင် ၅ဝဝ ဆံ့ ဆေးရုံ ဖြစ်သောကြောင့် တလလျှင် သွေးပုလင်း ၂၅ဝ မှ ၃ဝဝ ခန့်အထိ လိုအပ်နိုင်ကြောင်း ၎င်းဆေးရုံတွင် တာဝန်ကျခဲ့ဖူးသည့် ဝန်ထမ်းတဦး အဆိုအရ သိရသည်။  

အန်အယ်ဒီ သွေးအကူအညီပေးရေးအဖွဲ့ကို ၂ဝဝ၉ ခုနှစ်တွင် တောင်ဒဂုံမြို့နယ် ပါတီလူငယ်များက ဖွဲ့စည်းခဲ့ပြီး၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ယခုလ ၁၃ ရက်နေ့တွင် ရန်ကုန် ကလေးဆေးရုံကြီး၌ သွေးကင်ဆာ ဝေဒနာသည်များကို သွေးပုလင်း ၄ဝ ၊ အမျိုးသား သွေးလှူဘဏ်နှင့် စံပြဆေးခန်းတွင် ၃၂ ပုလင်း လှူဒါန်းခဲ့ပြီး ဖြစ်သည်။

၎င်းတို့အဖွဲ့တွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်များဖြစ်သည့် ဦးဝင်းကိုကိုဝင်းနှင့် ဦးဝင်းချိုတို့အပြင် ကျောင်းသားလူငယ်များ၊ တပ်မတော်သားဟောင်းများနှင့် စေတနာရှင်များပါ ကူညီလုပ်ကိုင်နေသည်။

Most read this week