လူငယ် ဒီမိုကရေစီ ကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် ...
မဇ္စျိမသတင်းဌာန။ ။ လူငယ် ဒီမိုကရေစီ ကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် လူငယ် တာဝန်ခံက ဆိုသည်။
ကယားနှင့် ချင်းပြည်နယ်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာ ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ မြို့သစ်မြို့နယ် လူငယ်တာဝန်ခံ ကိုအောင်ကျော်က ပြောသည်။
“NLD လူငယ်တွေရယ် NLD မဟုတ်သော်လဲ လူငယ် ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်သို့ တက်ကြွတဲ့ လူငယ်တွေ ပူးပေါင်းပြီးတော့ လူငယ်ကွန်ယက်တခု ဖြစ်ဖို့၊ ကျနော်တို့ လူငယ်တွေကနေတဆင့် ပြည်သူတွေရဲ့ အသံတွေကို လူထုခေါင်းဆောင်ကို ပြန်တင်ပြဖို့ ညွှန်ကြားပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံသည်။ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။
ကလေးမြို့တွင် ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်ရန် တာဝန်နှင်းလိုက်ပြီးဖြစ်သည့် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် လုံခြံုရေးနှင့်ပတ်သက်၍ ဗိုလ်ကြီးဝင်းထိန်ကို ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီး တိုင်းနှင့်ပြည်နယ်များမှ လူငယ်များကို လုံခြံုရေးသင်တန်းငယ်များ ပို့ချပေးသွားရန်လည်း သဘောတူကြကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ၂ ကိုလှဦးက မဇ္စျိမကိုပြောသည်။
မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များသာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ကြိုးစားကြမည်ဟု လူငယ်ခေါင်းဆောင်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် NLD စုစည်းရေးအတွက် ဗဟိုအလုပ်အမှုဆောင်များ၊ NLD လူငယ်များနှင့် ဆက်တိုက် တွေ့ဆုံ လျက်ရှိသည်။ သန်ဘက်ခါတွင် အမျိုးသမီးအထောက်ကူပေးရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံမည်။
ယခုလ ၁၉ ရက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ တချို့နှင့် NLD အကြား ကွန်ယက် စတင်တည်ဆောက်ရန် သဘောတူခဲ့သေးသည်။