ရေးမြို့နယ်၊ အင်ဒင်ကျေးရွာအုပ်စု ရယကဥက္ကဌမှ လက်အောက်ခံ ကျေးရွာ အုပ်စုများတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ ကျင်းပရေး စရိတ် ...
မင်းချမ်း(နိုဝင်ဘာ-20)။ ။ ရေးမြို့နယ်၊ အင်ဒင်ကျေးရွာအုပ်စု ရယကဥက္ကဌမှ လက်အောက်ခံ ကျေးရွာ အုပ်စုများတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ ကျင်းပရေး စရိတ်ဟု အကြောင်းပြပြီး ယခုသီတင်းပတ်အတွင်း၌ ငွေကြေးအတင်းကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
“ကျမတို့အိမ်က ရ၀၀ ပေးလိုက်ရတယ်၊ မဲရွေးတဲ့ကုန်ကျစရိတ်ဆိုပြီး ဆယ်အိမ်ခေါင်းတွေက အတင်းကောက်တယ်” ဟု အင်ဒင်ရွာသူ အိမ်ရှင်မတစ်ဦး ပြောသည်။
အင်ဒင်ကျေးရွာအုပ်စုလက်အောက်ခံ ပလိုင်သိမ်၊ နှီးနှူ၊ သာဂရမ်၊ နှီးကရုတ်၊ ဓမင်းဆိပ်ရွာသစ်နှင့် ရေပေါ်သောင်ရွာများတွင် တစ်ရွာလျှင် ကျပ်ငွေတစ်သိန်းသုံးသောင်းတိတိ ကောက်ခံခဲ့သည်ဟု အဆိုပါရယကများနှင့် နီးစပ်သူများက ပြောသည်။
အင်ဒင်ကျေးရွာရယကဥက္ကဌ ဦကြည်နိုး(ခေါ်) ကြာနိုး(ခေါ်) ဘလိုင်တွတ်ဆိုသူဦးစီးပြီး ကောက်ခံခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲကိုအကြောင်းပြပြီး ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရဟု တားမြစ်ထားသည်။
“ဥက္ကဌကြာနိုးကို ရွာသားတွေအားလုံး ကြောက်နေရတယ်၊ သူလုပ်နေတာမှန်သမျှ ခေါင်းငုံ့ခံသွားယုံပဲ” ဟု အင်ဒင်ရွာသားတစ်ဦး ပြောသည်။
ပြီးခဲ့သည့်လပိုင်းတွင် အင်ဒင်ကျေးရွာအုပ်စု၌ ဒေသခံခလရ(၆၁)တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ဗမာတပ်ထွက်များကို တလငါးသောင်းပေးပြီး ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းခဲ့ရသည်ဟု ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
မွန်ပြည်သစ်ပါတီမှ ဒေသခံမိသားစုဝင်များ အဆိုပါဒေသတဝိုက်မှ တိမ်းရှောင်ခဲ့ပြီးနောက်ပိုင်း၌ အင်ဒင်ဥက္ကဌဆိုသူက သြဇာအရှိန်အဝါ ပိုမိုသုံးလာကြောင်း ရေးမြို့နယ်မှ မွန်ပြည်သစ်ပါတီဝင် အရာရှိတစ်ဦး သုံးသပ်ပြောဆိုသည်။
နယ်ခြားစောင့်တပ်ဖွဲ့အား လုံးဝလက်မခံသည့် မွန်ပြည်သစ်ပါတီဝင်များနှင့် သက်ဆိုင်သူမိသားစုများသည် ပြီးခဲ့သည့်ဧပြီလမှစတင်၍ လုံခြုံသည့်နေရာသို့ ပြောင်းရွေ့မှုများပြုလုပ်ခဲ့ကြသည်။
ယခုအခါ အင်ဒင်ကျေးရွာအုပ်စုဒေသများတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုမရှိဟု မွန်ပြည်သစ်အရာရှိများထံမှ သိရသည်။