သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသအတွင်း၌ ယခုနှစ် ဘိန်းစိုက်ရာသီအတွက် မြေပြုပြင်မှုများ စတင် နေရာ ယခင်နှစ်ထက် စိုက်ဧက ပိုမို များပြားဖွယ်ရှိကြောင်း ဒေသတွင်း ခရီးသွား ...
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသအတွင်း၌ ယခုနှစ် ဘိန်းစိုက်ရာသီအတွက် မြေပြုပြင်မှုများ စတင် နေရာ ယခင်နှစ်ထက် စိုက်ဧက ပိုမို များပြားဖွယ်ရှိကြောင်း ဒေသတွင်း ခရီးသွားတစ်ဦး၏ အဆိုအရ သိရသည်။
“ဘိန်းစိုက်ဖို့ နေရာရှင်းနေတာပေါ့ အခုက ခြံကပေါက်ပြီပေါ့ ပြီးတဲ့နေရာတော့ စိုက်သွားပြီလေ ဧရိယာကများတယ် တော တွေ တောင်တွေ အားလုံးထူတယ်လေ သူတို့က (ဒေသခံ) ဘာမှမစိုက်ဘူးလေ ဒါပဲစိုက်တယ်လေ ဒီနှစ်ကဘိန်းခြံပိုများ တယ် ဟိုနှစ်ထက်ပိုများတယ် နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသပဲလေ ” လို့ သူက ဆိုသည်။
ဘိန်းစိုက်ရာသီတွင် ရင်းနှီးမတည်ငွေအဖြစ် ဘိန်းစိုက်တောင်သူများကို ငွေကြိုထုတ်ပေးသူများ ရှိကြောင်း ဘိန်းအကြောင်း နှံ့စပ်သူ ဒေသခံနောက်တစ်ဦးက ပြောသည်။
“လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး နှစ်ဦးနှစ်ဘက် ယုံကြည်မှုနဲ့ ငွေကြိုထုတ်ပေးတာပေါ့ မြေသြဇာကောင်းပြီး ဘိန်းအထွက်များတဲ့ နေရာ နံမည်ကောင်းရှိတဲ့လူဆိုရင် ငွေကိုကြိုတင်ထုတ်ပေးထားတယ် အကြောင်းအမျိုးမျိုးကြောင့် ဘိန်းမထွက်တာတို့ ဖျက်ဆီးခံရတာတို့ ဆိုရင် ယုံကြည်မှုနဲ့လုပ်တာဆိုတော့ နှစ်ဘက်ညှိနိူင်းပြီး လုပ်ကြတယ် ” လို့ သူက ဆိုသည်။
ထို့အပြင် ဘိန်းမထွက်ခင် ကြိုတင်ရောင်းချသည့် စနစ်ဖြင့်လည်း ငွေကြိုယူကြပြီး ဘိန်းထွက်လာချိန်တွင် ပေါက်စျေး၏ ထက်ဝက်စျေးဖြင့် ငွေပေးချေကြောင်း သိရသည်။
မြန်မာစစ်အစိုးရနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး UNODC တို့ပူးပေါင်း၍ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော်လည်း ဒေသခံများ အကျိုး မရှိသည့် အပြင် အဆိုပါ စီမံကိန်းကြောင့် ဒေသခံများ၏ ခြံမြေ အသိမ်းခံရမှုများရှိကြောင်း သိရသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ယခုနှစ် ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိူင်ငံသည် ကမ္ဘာ ပေါ်တွင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်းနှင့် ၂၀၀၉ ခုနှစ်က သျှမ်းပြည်(မြောက်ပိုင်း) အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၁၀၀ ရာခိုင်နူန်းတိုးတက်လာကြောင်း အစီရင်ခံထားသည်။