ဒေသခံ မြန်မာစစ်တပ်မှ မွန်လူငယ်များကို ဖမ်းဆီးငွေညှစ်

ဒေသခံ မြန်မာစစ်တပ်မှ မွန်လူငယ်များကို ဖမ်းဆီးငွေညှစ်
by -
မင်းထက်အောင်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်လမ်းဝ အခြေစိုက် အမှတ် ၃၁၈ အမြှောက်တပ်ဖွဲ့မှ စစ်သည်အချို့သည် လူငယ် ၆ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း ...

မင်းထက်အောင်(နိုဝင်ဘာ-၁၈)။     ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်လမ်းဝ အခြေစိုက် အမှတ် ၃၁၈ အမြှောက်တပ်ဖွဲ့မှ စစ်သည်အချို့သည် လူငယ် ၆ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် မွန်လူငယ် တစ်ဦးက ပြောသည်။

mudon“သေနတ်ဖေါက်ပြီး ဆိုင်ကယ်ကို အတင်းရပ်ခိုင်းတာ၊ ကျနော်တို့ အရမ်းကြောက်သွားတယ်၊ နောက်ပြီး ရယကရုံးကို ခေါ်သွားတော့ ဘယ်ရွာက ဘယ်သူဆိုပြီး မေးမြန်း စစ်ဆေးပါတယ်၊ နောက်တစ်နေ့ မိဘတွေရောက်လာပြီး ငွေပေးလိုက်တော့ လွှတ်ပေးတယ်”

အဆိုပါ ဖြစ်ရပ်မှာ လွန်ခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်း၌ မုဒုံမြို့နယ်၊ ရောင်းဒေါင်းရွာလမ်းဝတွင် မြန်မာစစ်သားအချို့ အဆိုပါ လူငယ်များကို သေနတ်ပစ်ဖေါက် ဖမ်းဆီးခဲ့ပြီး ရယကရုံး၌ တစ်ညတိတိ ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရောင်းဒေါင်းရွာရယက၏ညှိနှိုင်းမှုဖြင့် လူငယ်တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းပေးဆောင်မှ ပြန်လည်လွတ်မြောက်လာရကြောင်း အဖမ်းဆီးခံကာယကံရှင်မွန်လူငယ်က ဆက်ပြောသည်။

အဆိုပါဖြစ်ရပ်ကို မိမိတို့သိရှိထားကြောင်း မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင် အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အဖမ်းဆီးခံရသူများမှာ ရောင်းဒေါင်းရွာသား ၂ ဦး၊ ကွမ်လှာရွာသား ၂ ဦးနှင့် ဝါခရူရွာသား ၂ ဦးဖြစ်၍ စုစုပေါင်း လူငယ် ၆ ဦးဖမ်းဆီးငွေညှစ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရောင်းဒေါင်းရွာ ရယကဥက္ကဌအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းဌာနများနှင့် မိမိမပြောကြားလိုကြောင်း ငြင်းဆိုပါသည်။

အဘစ်လမ်းဝအခြေစိုက် အမှတ် ၃၁၈ အမြှောက်တပ်ဖွဲ့အား အနီးပတ်ဝန်းကျင်ရှိ ကျေးရွာဥက္ကဌများမှ ပုံမှန်လစဉ်ကြေးများ ပေးဆက်နေရသည်ဟု သတင်းများပြန့်နေသော်လည်း အရေအတွက်မည်မျှ ပေးဆောင်နေရသည်ကို ကာယကံရှင်များက မပြောကြားလိုပေ။

ယင်းကဲ့သို့ သက်ဆိုင်ရာနယ်မြေခံစစ်တပ်အား လစဉ်ဆက်ကြေးများမပေးဆောင်ပါက ပွဲလမ်းသဘင်ပါမစ်များသာမက လောင်းကစားဝိုင်းများကိုလည်း ဖွင့်လှစ်ခွင့်မရှိဟု အမည်မဖေါ်လိုသော ကွမ်လှာရွာ ဥက္ကဌဟောင်းတစ်ဦးက ပြောသည်။

အဆိုပါဒေသခံတို့သည် ရာဘာခြံကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပြီး အမှတ် ၃၁၈ အမြှောက်တပ်လုံခြုံရေး ဧရိယာဟု အာဏာပိုင်များ သတ်မှတ်ထားရှိသည်။