ပြည်ထောင်စု ကောင်းကျိုး ရှေ့ရှု သယ်ပိုးသွားမည်ဟု SNDP ဥက္ကဋ္ဌပြော

ပြည်ထောင်စု ကောင်းကျိုး ရှေ့ရှု သယ်ပိုးသွားမည်ဟု SNDP ဥက္ကဋ္ဌပြော
by -
မွေခေါ၀်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက သျှမ်းပြည်ကြီးနှင့် တိုင်းရင်းသား အားလုံးအရေး၊ ...

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက သျှမ်းပြည်ကြီးနှင့် တိုင်းရင်းသား အားလုံးအရေး၊ ပြည်ထောင်စု ကောင်းကျိုးရေးအတွက် ရှေ့ရှု လုပ်ဆောင် သယ်ပိုးသွားမည်ဟု ပြောကြားပါသည်။

U-Aik-Po-SNDP“ကျားဖြူပါတီက ရရှိလာတဲ့ လွှတ်တော် လေးရပ် အမတ်နေရာတွေအဖို့ သျှမ်းပြည်၊ တိုင်းရင်းသား အားလုံးနဲ့ ပြည်ထောင်စုကောင်းကျိုးအတွက် ရှေ့ဆက်လုပ်ဆောင်သွားမယ်။ လွှတ်တော်အမတ် ဖြစ်မဲ့ သူတွေ၊ ပါတီဝင်တွေနဲ့ အစည်းအဝေး မထိုင်ရသေးတော့ အသေးစိတ် မပြောနိုင်သေးဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောပါသည်။

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ကျားဖြူပါတီသည် သျှမ်းပြည်၌ ၅၀ နေရာ၊ ကချင်ပြည် ၆ နေရာနှင့် မန္တလေးတိုင်း ဒေသကြီး ၁ နေရာဖြင့် လွတ်တောင်တွင် ထိုင်ခုံ ၅၇ ခု ရရှိထား၏။ ဦးစိုင်းအိုက်ပေါင်းမှာ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၌ ပြည်နယ်လွှတ်တော် အမတ်အဖြစ် အနိုင်ရရှိထားသူ ဖြစ်သည်။

“သူများ စွပ်စွဲတဲ့ အတိုင်း ကျားဖြူပါတီကတာ ကြံ့ဖွံ့ပါတီရဲ့ ကြားခံပါတီ ဖြစ်မယ်ဆိုရင် ဒီထက်အများကြီး အမတ်နေရာတွေရမှာပေါ့။ ဒါပေမဲ့ ဘယ်ပါတီမဆို ကျနော်တို့ရဲ့ ရန်ဘက်ပါတီ မဟုတ်ပါဘူး” ဟု ပြောဆိုပါသည်။

အခြားပါတီများ၌ ပါ၀င်သော သျှမ်းတိုင်းရင်းသား အမတ်များနှင့်လည်း ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားမည်ဟု ၎င်းက ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ကျနော်တို့ မစ္စတာ အိုဗားမားနဲ့ မစ္စစ်ကလင်တန်တို့ကို နမူနာ ထားရမယ်။ ရွေးကောက်ပွဲ မဲဆွယ်တုန်းက အိုဗားမားနဲ့ ကလင်တန်တို့ဟာ အသေအလဲ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြတယ်။ နောက်ဆုံး အိုဗားမားက အရွေးခံရတော့ ကလင်တန်ကလဲ အိုဗားမားဘက် ရပ်တည်ပြီး အလုပ်တွေ ပါ၀င်ကူညီတာဘဲ။ အခု သူတို့ နှစ်ယောက် နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲလုပ်ဆောင်နေကြတယ်။ ကျနော်တို့လဲ သူတို့လို လုပ်နိုင်ပါတယ်”

ဦးစိုင်းအိုက်ပေါင်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ၁၉၄၆ တွင် မွေးဖွားပြီး ရန်ကုန် စိန့်အောကက်စ်စတင်းနှင့် တီတီစီ အထက်တန်းကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့ဖူးသည်။ ကျောင်းဆရာအလုပ်မှ ထွက်၍ ကိုယ်ပိုင်စီးပွါးရေး လုပ်ကိုင်ရင်း လုပ်သား ကောလိပ်သို့ တက်ရောက်ကာ ၁၉၇၃ တွင် ၀ိဇ္ဇာဘွဲ့ (ပထဝီဝင်) ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၌ ၁၉၈၉-၁၉၉၅ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ တွင် SNLD မှ နှုတ်ထွက်ပြီး ရန်ကုန်၌ ဆားလုပ်ငန်းဖြင့် စီးပွါးဖြစ် လုပ်ကိုင်ခဲ့သည်။