ကချင်နှင့် ရှမ်းမြောက် စစ်အစိုးရ တပ်အင်အား တိုးချဲ့ဟုဆို

ကချင်နှင့် ရှမ်းမြောက် စစ်အစိုးရ တပ်အင်အား တိုးချဲ့ဟုဆို
by -
ဖနိဒါ

အပစ်ရပ် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIOနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N ထိန်းချုပ် နယ်မြေများ နားသို့ စစ်အစိုးရ တပ်အင်အား ...

ချင်းမိုင်(မဇ္စျိမ) ။     ။ အပစ်ရပ် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIOနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N ထိန်းချုပ် နယ်မြေများ နားသို့ စစ်အစိုးရ တပ်အင်အား ယခင်ပတ်က စ၍ တိုးချဲ့လာသည်ဟု ဒေသခံများက ပြောသည်။

နမ္မတီး-ကဆုန်း ကားလမ်း၊ မြစ်ကြီးနား-နမ်ဂျိမ် ကားလမ်းနှင့် မရမ်း-ပြည်ထောင် အနောက်ဘက် တောလမ်းတို့က ဝင်လာကြောင်း နမ္မတီးကျေးရွာ ဒေသခံ တဦးက ပြောသည်။

မိုးကောင်းမြို့နယ် နမ္မတီးမြို့ အရှေ့ဘက် ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ထိန်းချုပ်ရာ ကဆုန်းဒေသ အရှေ့နှင့် တောင်ဘက် ၂ မိုင်ကျော်အကွာတွင် အင်အား ၁,ဝဝဝ ခန့် တိုးချထားသည်ဟုဆိုသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်-စကခ လက်အောက်တွင် ခြေလျင်တပ်ရင်း ၁ ရင်းနှင့် ခြေမြန်တပ်ရင်း ၉ ရင်း ရှိရာက တပ်ရင်း ၅ ရင်းခန့် တိုးချဲ့လာကြောင်း ကေအိုင်အိုကလည်း ပြောသည်။

ကေအိုင်အိုအရာရှိ တဦးက “ကျနော်တို့ တပ်ရင်း ၁၁ နဲ့က ၂ မိုင် ၃ မိုင်လောက် အဝေးမှာ ရှိတယ်။ သူတို့လာတာ လမ်းကြောင်း တခုထဲမဟုတ်ဘူး။ လမ်းကြောင်း ၄ ခုလောက်က အဖွဲ့ခွဲပြီး လာတာ”ဟု  မဇ္စျိမကို ပြောသည်။

ယခုလ ၁ဝ ရက်နေ့က  နအဖ စစ်အင်အား တိုးချဲ့လာသဖြင့် ကေအိုင်အိုဌာနချုပ်သို့ တင်ပြပြီး ကေအိုင်အို တပ်ဖွဲ့များ တပ်လှန့်ထားသည် ဆိုသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N ထိန်းချုပ်ရာ မိုင်းရှူးမြောက်ဘက်၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထိန်းချုပ်ရာ တန့်ယန်းတောင်ဘက်တွင်လည်း စစ်အင်အား တိုးချဲ့နေကြောင်း တရုတ်-မြန်မာ နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“ရှမ်းမြောက်ဘက်မှာ တိုးလာတာတော့ ရှိတယ်။  မိုင်းရှူးတို့ မိုင်းတောင်တို့ တန့်ယန်း ဗျူဟာအောက်ဘက်ပေါ့။ SSA-မြောက် ဗိုလ်ချုပ် ပန်ဖတို့ ထိန်းချုပ်တဲ့ နေရာဘက်ပေါ့။ တပ်ရင်း ၁ဝ ရင်းလောက် ရှိမှာပေါ့”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ထို့ပြင် မနှစ် စက်တင်ဘာက နအဖနှင့် ကိုးကန့်တို့ စစ်ဖြစ်ခဲ့သည့် လောက်ကိုင်တွင်လည်း ယခုပတ်အတွင်း  စစ်အစိုးရ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၃ ရင်းခန့် လားရှိူးက တက်လာကြောင်း သူက ဆိုသည်။