အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော

အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော
by -
သျှမ်းသံတော်ဆင့်

ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ  လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က  UNA တိုင်းရင်းသား ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ ...

ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ  လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က  UNA တိုင်းရင်းသား ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြကြောင်း သိရသည်။

ခွန်ထွန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ ashin-htavara.blogspot.com)“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော်တို့ အရမ်းဘဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ ဒေါ်စု ကိုယ်တိုင်ကလဲ တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဦးစားပေး စဉ်းစားနေတယ်လို့ ပြောတယ်” ဟု SNLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းတင်လှိုင်က ပြောပါသည်။

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီမှ ၂း၃၀ အထိ ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီ ရုံးချုပ်၌ UNA အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးပူကျင့်ရှင်းထန် (ချင်း)၊ ဦးထောင်ဂိုထန်း (ချင်း)၊ ဦးစောဟယ်ရီ (ကရင်)၊ မွန်ခေါင်းဆောင် ဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းအပြင် ရခိုင်ခေါင်းဆောင် တဦးနှင့်အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းရွှေကြူးနှင့် စိုင်းတင်လှိုင်တို့ ပါဝင်သည်ဟု သိရှိရပါသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့ ပါတယ်။ အဓိကတော့ ကလေးမြို့ ကြေညာစာတမ်းအရ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံဆီသွားဖို့ ပဏာမ လက်ခံထားတယ်လေ၊ နောက်ပြီး လူထုတိုင်းက ပင်လုံစိတ်ဓါတ် ဆိုတာ  နားမလည်သေးဘူး၊ ဝေါ့ရှော့ပ့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်  လုပ်ချင်တယ်” ဟု ဆက်၍ ပြောပြပါသည်။

ထို့အတူ ၂၁ ရာစု ပင်လုံညီလာခံ အကောင်အထည် စတင်ဖေါ်ဆောင်ရန် ၀ါရင့်နိုင်ငံရေး သမားများနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်က လူကိုယ်တိုင် စုံညီတက်ရောက်သည့် ညီလာခံမျိုး မဟုတ်ရင်တောင်မှ IT ခေတ်နှင့်အညီ လုပ်သွားဖွယ်ရှိကြောင်း ပြောပါသည်။

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား မဟာမိတ် အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲမှ လူထုထောက်ခံအားပေးမှု ရခဲ့သည့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခု ပါဝင်ဖွဲ့စည်းထားပါသည်။