ရွေးကောက်ပွဲ ကျင်းပပြီး ၄ ရက်ခန့်အကြာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ကျားဖြူပါတီ လားရှိုးကော်မတီ အကြီးအကဲ ၄-၅ ယောက်အား ခေါ်ယူ ...
ရွေးကောက်ပွဲ ကျင်းပပြီး ၄ ရက်ခန့်အကြာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ကျားဖြူပါတီ လားရှိုးကော်မတီ အကြီးအကဲ ၄-၅ ယောက်အား ခေါ်ယူတွေ့ဆုံပြီး ၎င်းတို့အပေါ် အငြိုးအတေး မထားကြရန် မေတ္တာရပ်ခံသည်ဟု စုံစမ်းသိရှိရသည်။
“၁၁ ရက်ကပေါ့။ လားရှိုးမြို့နယ် ကော်မရှင်တွေက ကျနော်တို့ ကျားဖြူပါတီ ခေါင်းဆောင် ၄-၅ ယောက်နဲ့ လွှတ်တော် အမတ်လောင်း ၂-၃ ယောက် ခေါ်ပြီး သူတို့အပေါ် အငြိုးအတေး မထားဖို့၊ အထက်အမိန့်အရ လုပ်ရတာ ဖြစ်လို့ နားလည်ပေးဖို့ ပြောတယ်။ ကျနော်တို့လည်း နားလည် သဘောပေါက်တဲ့ အကြောင်းပြန်ပြောတယ်” ဟု လားရှိုး ကျားဖြူ အမတ်လောင်း တဦးက ပြောသည်။
မဲပုံး အကုန်မရေတွက်ဘဲ အနိုင်ရခဲ့သော ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ဒေါက်တာ စိုင်းမောက်ခမ်းမှာမူ နေပြည်တော်မှ ဆင့်ခေါ်မှုကိုသာ စောင့်ဆိုင်းရန် ရှိတော့ကြောင်း ၎င်းဆေးခန်းမှ ၀န်ထမ်း တဦး၏ မိသားစုဝင်က ပြောပြသည်။
“ဒေါက်တာ စိုင်းမောက်ခမ်း နေပြည်တော် သွားရင်တော့ သူ့ကို သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌကနေ နှုတ်ထွက်ပြီးသားလို့ မှတ်ယူရလိမ့်မယ်။ အရင်ကလည်း နှုတ်ထွက်ပေးဖို့ မကြာခဏ တောင်းဆိုခဲ့ဖူးတယ်။ မူဆယ်ဘက်လဲ တောင်းဆိုလာတယ်။ လားရှိုး သျှမ်းရုံးက ငွေကုန်ကြေးကျ အများကြီး ခံပြီး ဆောက်လုပ်ပြီးပေမယ့် စာပေယဉ်ကျေးမှုအတွက် လှုပ်ရှားမှုတာ ဘာမှ သိပ်မတွေ့ရဘူး။ ကြံ့ခိုင်ရေးပါတီဝင်တွေ စုရုံးတဲ့ နေရာ၊ ဧည့်ခံကျွေးမွေးတဲ့ နေရာဘဲ ဖြစ်နေတယ်” ဟု ပြောပြသည်။
ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြိုင်ဘက် ကျားဖြူပါတီမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ မှ ဆရာ စိုင်းခမ်းလိုင်မှာမူ ယခုနောက်ပိုင်း အေးတိအေးစက် မှိုင်တွေ ငြိမ်သက်သည့် အနေအထား၌ ရှိနေကြောင်း၊ မသမာနည်းဖြင့် ရှုံးခဲ့ရသည်ကို မကျေမချမ်းရင်ထုမနာ ဖြစ်ပုံရကြောင်း ၎င်း၏ မိတ်ဆွေတဦးကလည်း ပြောပြသည်။
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကျားဖြူပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီနှင့် ကိုးကန့်ပါတီတို့ ယှဉ်ပြိုင်ကြရာ ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် စိုင်းမြင့်အေး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၁) စိုင်းကြူနှင့်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) စိုင်းခမ်းမတ်တို့က ကျန် ၃ ပါတီအပေါ် အနိုင်ရရှိခဲ့သည်ဟု စစ်အစိုးရက တရားဝင် ကြေငြာခဲ့သည်။