သင့်မြတ်ရေးကို ရွေးကောက်ပွဲဝင် ပါတီများ ထောက်ခံ

သင့်မြတ်ရေးကို ရွေးကောက်ပွဲဝင် ပါတီများ ထောက်ခံ
by -
မဇ္စျိမသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ရမည်ဟု ပြောဆိုချက်အပေါ် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ထောက်ခံ ကြိုဆိုလိုက်ကြ ...

နယူးဒေလီ (မဇ္ဈိမ)။       ။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ရမည်ဟု ပြောဆိုချက်အပေါ် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ထောက်ခံ ကြိုဆိုလိုက်ကြသည်။

ယမန်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူကြားမှာ၊ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာ ရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်’’ ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။

ထိုပြောဆိုချက်နှင့်ပတ်သက်၍ မဇ္ဈိမက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ RNDP ၊ ချင်းအမျိုးသားပါတီ CNP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ကို ဆက်သွယ် မေးမြန်းရာ ၎င်းတို့က ကြိုဆိုထောက်ခံခြင်း ဖြစ်သည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကြိုဆိုတယ်၊ ဖြစ်စေချင်တယ်။ ၂၁ ရာစုရဲ့ ပင်လုံညီလာခံ ဒုတိယညီလာခံကို ဖြစ်စေချင်တယ်။ ဒါဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေ အားလုံးအတွက် ပြေလည်မှာပါလို့ ကျနော်တို့ ခံယူထားတယ်’’ ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၂ နေရာ အနိုင်ရရှိထားသည်ဟု အစိုးရသတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရရှိမှပဲ တိုင်းရင်းသား အကုန်လုံး ငြိမ်းချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မှာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ လက်ရှိအစိုးရလည်း ကြွေးကြော်နေတယ်လေ။ အမျိုးသား ပြန်လည် တည်ဆောက်ရေးဆိုတာ အရေးကြီးဆုံးပါ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ ကိစ္စကို ကျနော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

သူက ဆက်ပြီး “အကုန်လုံး ပါဖို့လိုတယ်လေ။  အကုန်လုံးဆိုတဲ့ နေရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တပ်မတော်တွေ ပါဖို့လိုတယ်။  ပြည်ပကို ရောက်နေကြတဲ့ သူတွေ၊ နယ်စပ်မှာ ရှိနေကြတဲ့ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဖို့လိုတယ်။ နိုင်ငံရေးပါတီတွေလည်း ပါဖို့လိုမယ်။ လက်ရှိ အစိုးရလည်း ပါဖို့လိုမယ်” ဟု ပြောဆိုသည်။

RNDP သည် အမတ်နေရာ ၃၅ နေရာ ရရှိထားသည့် ပါတီဖြစ်သည်။ ထိုအထဲမှ ၇ ဦးသည် အမျိုးသား လွှတ်တော်၊ ၉ ဦးမှာ ပြည်သူ့လွှတ်တော်၊ ၁၈ ဦးမှာ ပြည်နယ်လွှတ်တော်အတွက်ဖြစ်ပြီး၊ ၁ ဦးမှာမူ လူမျိုးစု လွှတ်တော်အတွက် ဖြစ်သည်။

ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားများနှင့် လက်ရှိ အစိုးရအကြား ယုံကြည်စွာဖြင့် တွေ့ဆုံဆွေးနွေးလျှင် သင့်မြတ်နိုင်မည်ဟု ချင်းအမျိုးသားပါတီ CNP အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘိစ်ခ်ထောင်းက ဆိုသည်။

သူက ဆက်ပြီး “အဲလိုမျိုး ဆွေးနွေးဖို့ဆိုရင် CNP နဲ့ အမြဲတမ်း အဆင်သင့် ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ ကြိုးစားရင် ရမယ်လို့ ကျနော်တို့က အခိုင်အမာ ယုံကြည်ပါတယ်” ဟု ပြောသည်။ CNP သည် အမတ်လောင်း ဦးရေ ၂၂ ဦး ယှဉ်ပြိုင်ခဲ့ရာ ၉ ဦး အနိုင်ရခဲ့သည်။ ထိုအထဲမှ ၅ ဦးမှာ ပြည်နယ်လွှတ်တော်အမတ်များ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ၂ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၂ ဦး ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်ကလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်မယ်ဆိုတာ ကောင်းတယ်။ လက်ခုတ်တီးတယ်ဆိုတာ လက်တဖက်ထဲနဲ့ မရဘူး။ လက်နှစ်ဖက်စလုံး တီးမှရတာ။ နှစ်ဖက်စလုံးဆိုတာက စစ်တပ်ရော၊ သူရောပါ။ CPP အနေနဲ့ ဒီကိစ္စကို လက်ခံတယ်။ သင့်မြတ်ရေးမှာ ကျနော်တို့ ပါသင့်တယ်” ဟု ပြောသည်။ CPP က အမတ်လောင်း ၃၈ ဦးဖြင့် ဝင်ပြိုင်ခဲ့ရာ လတ်တလောတွင် ၁၃ ဦး အနိုင်ရထားပြီဟု ဆိုသည်။

Most read this week