မြန်မာနိုင်ငံသား ချင်းအမျိုးသား တဦးက အသက် ၅ နှစ် အရွယ် မီဇိုအမျိုးသမီးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သည့် ကိစ္စနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများကို ဒေသခံ အာဏာပိုင်များက မကြာခင် နှင်ထုတ် ...
မြန်မာနိုင်ငံသား ချင်းအမျိုးသား တဦးက အသက် ၅ နှစ် အရွယ် မီဇိုအမျိုးသမီးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သည့် ကိစ္စနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများကို ဒေသခံ အာဏာပိုင်များက မကြာခင် နှင်ထုတ်ဖွယ်ရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်များနဲ့ ပတ်သက်၍ မီဇိုရမ်ပြည်နယ် Chhimphei VC Welfare မှ အိုင်ဇောလ် South-III ဧရိယာနယ်တွင် ရှိကြသော မြန်မာနိုင်ငံသားများကို ဒေသအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားရန် ယခုလ ၁၁ ရက်နေ့က အသိပေး ထုတ်ပြန်ကြေညာလိုက်ကြောင်း ဒေသထွက် The Zozam Times သတင်းစာထဲတွင် ရေးသားထားသည်။
အိုက်ဇောလ် South-III ဧရိယာအတွင်း ကျေးရွာများတွင် မြန်မာနိုင်ငံသားများ၏ မျက်နှာကို သူတို့ အနေနဲ့ မမြင်ချင်တော့ကြောင်း၊ ဒါကြောင့် အမြန်ဆုံး ထွက်သွားကြရန် ဆိုပြီး သတင်းစာမှာ ဆက်လက်ဖော်ပြထားသည်။
အလားတူ “Aibawk RD Block ဧရိယာပိုင်နက်အတွင်း ကျေးရွာ ၂၀ မှ VC (ရပ်ကွက်လူကြီး) များကလည်း ယခုလ ၁၀ ရက်နေ့က အရေးပေါ် အစည်းအဝေး တရပ် ပြုလုပ်ခဲ့ကြပြီး ၎င်းအစည်းအဝေး ဆုံးဖြတ်ချက်တွင် ယခုလို ကိစ္စမျိုး နောက်ထပ်မဖြစ်စေရန် Aibawk RD Block တွင် ရှိသော နိုင်ငံခြားသားများကို အိမ်ဖော်အဖြစ် အလုပ်လုပ်ရန် ခေါ်မယ် ဆိုရင် ရပ်ကွက် VC နှင့် YMA တို့နှင့် သဘောတူညီ ချက်ရယူပြီးမှသာ နေထိုင်ခွင့် ပြုရန် ယင်းအစည်းအဝေးတွင် သဘောတူ ညီခဲ့ကြကြောင်း” အဆိုပါ သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။
ယခုလ ၈ ရက် တနင်္ဂလာနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် Muallungthu ကျေးရွာတွင် နေထိုင်သူ ဒံယေလ၏ သမီး Lalhlimpuii (၅) နှစ်အရွယ်ကို မြန်မာနိုင်ငံ၊ ကလေးမြို့နယ်၊ သံဘူ ကျေးရွာ Chungling ၏ သား Henry Vanneihchung (၂၅) က တော်ထဲခေါ်သွားပြီး မုဒိမ်းကျင့်သတ်ခဲ့သည်။
သူ့ကိုလည်း နောက်တနေ့ ၉ ရက်နေ့တွင် ရွာသားများက ဖမ်းမိပြီး ရိုက်နှက်ထိုးကြိတ်သည့် ဒါဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
“ မီဇိုရမ်ပြည်နယ်မှာ မကောင်းမှုများ ကျုးလွန်သူ နိုင်ငံခြားသားတွေကို သူတို့ အနေနဲ့ ကြိုက်သလို အရေးယူလို့ မရဘူး၊ အပြစ်ကျူးလွန်တဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာပြည်စစ်တပ် လက်ထဲအပ်နှံတဲ့ ကိစ္စကိုလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးပြီဖြစ်ကြောင်း မီဇိုရမ် ဝန်ကြီးချုပ်ကလည်း အကြိမ်ကြိမ် ကြိုးစားလာခဲ့ပြီ ဖြစ်ကြောင်း အပြစ်ကျူးလွန်တဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာစစ်တပ်လက်ထဲကို လွယ်လွယ်ကူကူ အပ်နှံလို့ မရကြောင်း အထက်ဗဟိုကနေ သဘောတူညီ စာချုပ်အရင် ယူရမှာ ဖြစ်ကြောင်း မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R. Lalzirliana ၏ ပြောပြချက်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် The Aizawl Post သတင်းစာထဲတွင် ဖော်ပြသည်။
ဆက်လက်၍ “ အိန္ဒိယနှင့် မြန်မာအစိုးရအကြား စကားပြောပြီးတဲ့ နောက်မှ အကျဉ်းသားတွေ လဲလှယ်တဲ့ ပုံစံမျိုးနဲ့ အပြန်အလှန် အပေးအယူ လုပ်ဆောင်မှသာ ရတယ်၊ ဒီလိုမလုပ်ရင်တော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ်၊ ကျနော်တို့ အနေနဲ့ ကြိုက်သလို လုပ်ဆောင်လို့ မရကြောင်း” ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အိုက်ဇောလ်မြို့တွင် နွားနို့သည် အမျိုးသမီးတဦးကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာသား တဦးနှင့် ချင်းပြည်နယ်၊ ကျီးခါးမြို့သား တဦးက မုဒိမ်းပြုကျင့်ခဲ့သည်။
အဲဒီမုဒိမ်းမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူများက မြန်မာနိုင်ငံသားများအပေါ် မကျေမနပ် ဖြစ်နေကြချိန်တွင် ယခုတဖန် ပြန်ပြီး မြန်မာနိုင်ငံသား တဦးက အသက် ၅ နှစ် အရွယ်ကလေးမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် လုပ်ရပ် ဖြစ်ပွားခဲ့သည့် အတွက်ကြောင့် မီဇိုရမ်ပြည်နယ်ကနေ မောင်းထုတ်ခံကြရမှာကို မြန်မာနိုင်ငံသားများက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။
“ဒီအဖြစ်က ဆိုးလွန်းပါတယ်၊ မျက်နှာပြရက်စရာတောင် မရှိဘူး” ဟု အိုက်ဇောလ်ရောက် ချင်းလူကြီး တဦးက ပြောသည်။
မီဇိုရမ်ပြည်နယ်တွင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ရပ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည့်အတွက် ယင်းလုပ်ရပ်များ နောက်ထပ်မဖြစ်စေရေးအတွက် မီဇိုးရမ်အမျိုးသမီးများအဖွဲ့ (Mizo Hmeichia Insuih khawm Pawl)က ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် “ Black Day” ဆိုပြီး အထူးဆုတောင်းပွဲ တရပ်ပြုလုပ်ကြမည် ဖြစ်သည်။