မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်း မဲမသာမှု ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာသို့ ကန့်ကွက်စာ တင်ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးမည်ဟု ...
မင်းချမ်း(နိုဝင်ဘာ-၁၂)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်း မဲမသာမှု ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာသို့ ကန့်ကွက်စာ တင်ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးမည်ဟု မထင်မှတ်ရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ပြောသည်။
“ကြိုတင်မဲကိစ္စကို မယုံကြည်လို့ မြို့နယ်အချို့မှာ ကျနော်တို့ ပါတီက ကန့်ကွက်စာ တင်ခဲ့တယ်၊ အထူးသဖြင့် ကျိုက်မရော မြို့နယ်ပေါ့၊ မနေ့သတင်းကနေ မွန်ပြည်နယ် ကိုယ်စားလှယ် အမည်ဖေါ်ပြရာမှာ ကျိုက်မရော မြို့နယ်ကို ချန်လှပ်ခဲ့ပေမယ့် ဒီနေ့ကျတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေမှာ ကြံ့ဖွတ်တွေ ရသွားပြီးလို့ ကြေညာတာ သိရတယ်၊ ကျနော်တို့ပါတီ ဥက္ကဌနဲ့ ဒုဥက္ကဌတွေ မဲရှုံးသွားပြီလို့ ယူဆရပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်မြေ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်၎င်း၊ ဒုဥက္ကဌ မင်းလှအောင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်၎င်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
နိုဝင်ဘာ(၇)နေ့တွင်အတည်ပြုခဲ့သောမဲစာရင်းအရ နိုင်ငွေသိန်း အသာရရှိခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက သတင်းဌာနများသို့ ထုတ်ဖေါ်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ရေတွက်ခဲ့သောမဲစာရင်းတွင် နိုင်ငွေသိန်း(၁၆၂၈၁) မဲရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်သူ မိယဉ်ချမ်းမှာ (၁၅၉၂၄)မဲ ရရှိခဲ့ရာ (၃၅၇) မဲအသာဖြစ်နေသည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းအရသိရသည်။
သို့သော် ယနေ့ထုတ်မြန်မာသတင်းစာများတွင် ကျိုက်မရောပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်း ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှတ်တမ်းတွင် နိုင်ငွေသိန်း(၉၁၈)မဲနှင့် မိယဉ်ချမ်း(၂၉၉၈)မဲ ကြိုတင်မဲရရှိထားသည်ဟု ဖေါ်ပြထားသည်။
သိုသော် အဆိုပါကြိုတင်မဲရယူထားသည့် မဲအရေအတွက်ကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလောင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများအား ကြိုတင်ထုတ်ဖေါ်အသိပေးခဲ့ခြင်းမရှိပါ။
“ဒီကြိုတင်မဲထည့်တာ ဘယ်နေ့ရက်မှာ ဘယ်သူတွေ ဘယ်လိုထည့်ကြတာကို အသိပေးတာမရှိခဲ့ဘူး၊ ကော်မရှင်ကပဲ သူတို့ကြိုက်သလိုကြိုတင်မဲရေးဖြည့်ထည့်တာဖြစ်နိုင်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲအောင်နိုင်ရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြင်ပမီဒီယာများနှင့် ရှင်းလင်းပြောကြားခွင့်မရှိဟု ဆိုပါသည်။
ရွေးကောက်ပွဲကျင်းအပြီး မဲစာရင်းရေတွက်ကြရာတွင် ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ(၂)တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ် နိုင်စံတင်(၁၁၀၄၇)မဲရရှိပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအောင်မြို့(၅၉၇၄) ရရှခဲ့သည်ကို တရားဝင်ကြေညာခြင်းမပြုသေးပေ။
ထို့အပြင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှတ်တမ်း၌ ကြိုတင်မဲထည့်ပေါင်းအပြီးတွင် နိုင်စံတင်(၁၁၇၂၄)မဲ၊ ဦးအောင်မြို့(၇၂၁၄) မဲအပြတ်အသတ်ရရှိသော်လည်း မည်သူလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်ကို တရားဝင်ထုတ်ပြန်ခြင်း မပြုသေးပေ။
ချောင်းဆုံမြို့နယ်သည် ပြည်ခိုင်ဖြိုးပါတီအတွက် မဲလေးထောင်ကျော်ရရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှတ်တမ်း၌ဖေါ်ပြသဖြင့် မွန်ပြည်နယ်အတွင်းကြိုတင်မဲပေးမှုဆုံး အများဆုံးမြို့နယ်ဖြစ်သည်။
အငြင်းပွားစရာဖြစ်နေသည့် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်လောင်းအမည်အချို့ကို ယနေ့စစ်အစိုးသတင်းစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ထုတ်ပြန်ခဲ့သဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ကန့်ကွက်စာကို ရွေးကောက်ပွဲကော်မရှင်က လက်မခံသည့်သဘော သက်ရောက်နေသည်ဟုယူဆရကြောင်း အကဲခတ်ပြောဆိုနေကြသည်။