ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖ စစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ

ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖ စစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ
by -
သျှမ်းသံတော်ဆင့်

စစ်အစိုးရ သတ်မှတ်သော ရွေးကောက်ပွဲ အရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူ အမျိုးသမီးအား မုဒိန်းကျင့်ခြင်း၊ ...

စစ်အစိုးရ သတ်မှတ်သော ရွေးကောက်ပွဲ အရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူ အမျိုးသမီးအား မုဒိန်းကျင့်ခြင်း၊ ဒေသခံများအပေါ် အခြားလူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေခြင်း စသည်များ  နအဖစစ်တပ်က ကြမ်းရမ်းနေသည်ဟု စုံစမ်းသိရှိရသည်။

ယခုလ ၆ ရက် မိုင်းနောင် အခြေစိုက် ခမရ ၂၈၆ မှ ဗိုလ်မှူး ၀င်းဇေလတ် ဦးဆောင်သည့် အင်အား ၂၀ ခန့်ပါ တပ်ဖွဲ့တဖွဲ့ မိုင်းနောင်မှ မိုင်းရှူးသို့ အထွက်လမ်း အိမ်ခြေ ၅၀ ကျော်ရှိ ၀မ့်ဝိန်းကောင်ရွာသို့ သွား၍ ကိုယ်အင်္ဂါမစုံသူ အမျိုးသမီး တဦးအိမ်အတွင်း ရှာဖွေမွှေနှောက်ပြီးနောက်ပိုင်း ထိုအမျိုးသမီးကို ထပ်မံသွားရောက်မုဒိန်းကျင့်ကြောင်း ထိုအမျိုးသမီး ကိုယ်တိုင် လဲချားရှိ သူမ၏ ဆွေမျိုးတဦးအား ပြန်လည်ပြောပြ၏။  

အမျိုးသမီး၏ ပြောပြချက်အရ လဲချားမှ ထိုင်းနယ်စပ်သို့ ရောက်လာသူ ၎င်း၏ ဆွေမျိုး တဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြောပြရာတွင် “ ၆ ရက် နေ့ခင်းပိုင်း အဲဒီတပ်က ဗမာစစ်သားတွေ ဒုက္ခိတ နန်းလီ  ၃၂ နှစ်(အပျိုကြီး/ အမည်ရင်း မဟုတ်) တို့အိမ် ၀င်မွှေနှောက်ပြီး ပြန်သွားတယ်။ ညနေ ၃ နာရီလောက် ရောက်တော့  အဲဒီဗိုလ်မှူး ၀င်းဇေလတ်ရဲ့ တပည့် တယောက်က အရပ်ဝတ်နဲ့ နန်းလီရဲ့ အိမ်ကို ပြန်သွားတယ်။ ထပ်သွားမွှေနှောက်ဟိန်းဟောက်ဆဲ ဆိုပြီး အဲဒီစစ်သားက နန်းလီကို ရိုက်ပုပ်ဖမ်းချုပ် ဆံပင်ကို တိုင်မှာ ချည်ထား၊ ပါးစပ်ကို ပုဝါနဲ့ ပတ်ပိတ်ပြီး မုဒိန်းကျင့်တာတဲ့။ ကျင့်ပြီးတော့လဲ နန်းလီရဲ့ ရုပ်ပျက်ဆင်းပျက်ပုံကို ဓါတ်ပုံ ရိုက်ယူသေးတယ်ဆိုဘဲ” ဟု ဆို၏။

ထိုသို့ မုဒိန်းကျင့်ပြီးနောက် ညနေ ၅ နာရီတွင်လည်း အဆိုပါ ၀င်းဇေလတ် တပ်ဖွဲ့ နန်းလီတို့ အိမ်သို့ တဖန် ပြန်သွားရှာဖွေမွှေနှောက်ယူငင်ကြသေးသည်ဟု ဆို၏။ ၇ ရက် နံနက်ပိုင်း နန်းလီ တယောက် ၀ိန်းကောင်ရွာမှ  တိမ်းရှောင်သွားခဲ့ကြောင်းလည်း ပြောပြသည်။  

ယခုလ ၄ ရက်မှ ၁၀ ရက်အထိ  သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် အခြေစိုက် ခမရ ၃၂၅ ၏  ၀မ့်ဇန့် တပ်စခန်းရှိ ဗျူဟာမှူး ဗိုလ်မှူး ကြီးကြည်မြင့်နှင့်အဖွဲ့ ဒေသခံများအား နေ့စဉ်း သောက်သုံးရေခပ်ပေးခိုင်းသည်ဟု ဆို၏။ ထို့အပြင် စိန်ကျော့  ပြည်သူ့စစ်မှ တပ်ကြပ် စိုင်းဆိုင် ဦးဆောင်သည့် ရှေ့ပြေး တပ်ဖွဲ့နှင့် နအဖတပ်စိပ်တစိပ်တို့ ၀မ့်ဟူးမီ၊  နမ့်မော်ဆုမ့်၊   ၀မ့်ကျောင်း မိုင်ရွာ ဒေသခံတို့၏ ကြက်များကို တပိသာ ၁၅၀၀ ကျပ်နှင့် ဈေးနှိမ်ဝယ်ယူသည်ဟု သိရ၏။ ပြင်ပရောင်း ဈေးမှာ တပိသာ ကျပ် ၅၀၀၀ ဖြစ်သည်။      

မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စု အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ရဲ မင်းကျော်လည်း ကျေးသီးမြို့နယ် ဟိုပုံအုပ်စုမှ မိုင်းဟဲန် ရွာ၊ မဝေါင်းရွာ၊ ဟွေ့ပုတ်ရွာတို့အား သျှမ်းတပ်တို့၏ လှုပ်ရှားမှု တနေ့တကြိမ် သတင်းပို့ခိုင်းတာ ၁ ရက် ပျက်ကွက်သည်ဟု ဆိုကာ ရွာတိုင်းကြက် ၃ ပိသာစီ ဆင့်ဆိုခဲ့သည်ဟု ဆို၏။

“ပြီးခဲ့တဲ့လ ၂၃ ရက်က သတင်းပို့ ပျက်ကွက်တာကို ဒဏ်ရိုက်တာတဲ့။  တရက်ကို ကြက် ၃ ပိသာ ရွာစလုံး ပို့ခိုင်းတယ်။  မိန်းနန်းရွာက အိမ်ခြေ ၃၀၀  ကျော်တယ်။ ရွာဘုန်းကြီးကျောင်းနားမှာ သူတို့ ဂိတ်ထားတယ်။ အ၀င်အထွက် ဆိုင်ကယ်တွေ စစ်ဆေးတယ်။  နေ၀င်မီးငြိမ်း အမိန့်တောင် ထုတ်ထားတယ်၊ ညအချိန် ဖြတ်တာ တေါကရင် ပစ်မယ်တဲ့” ဟု နယ်စပ်ရောက် မိုင်းနောင်ဒေသခံ တဦးက ပြောပြသည်။

အောက်တိုဘာလကုန်ကလည်း မိုင်းနောင် အခြေချ လွယ်လင် စကခ ၂ မှ တပ်ဖွဲ့တဖွဲ့က ယာထွန်ပြီး တဲ၌ နားနေသော နားလင်လိုင်ရွာနေ လုံးလား၏သား စိုင်းကာလိန် (၂၀နှစ်) အား တွေ့ဆုံရာ ဆွဲခေါ်ဆဲဆိုကြိမ်းမောင်းပြီး ဓါးဖြင့်  ခုတ်ရာ မိုင်းနောင် ဆေးရုံ၌  ဆေးကုသနေရကြောင်း မိုင်းနောင်မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြော၏။   

“ဒီတပ်ဖွဲ့က စကခ ၃ လွယ်လင်ကဘဲ။ တပ်ဖွဲ့ နာမည်တော့ မသိဘူး။ စိုင်းကာလိန်ယာတဲကလဲ မိုင်းနောင် ခလရ ၉ နားမှာဘဲလေ။ စိုင်းကာလိန်ကို တွေ့ရော အသားလွတ်ဝင်ဆဲပြီး စိုင်းကာလိန်ရဲ့ ခါးပလိုင်းထဲက ဓါးမဆွဲပြီး ခုတ်ထည့်လိုက်တာ ခေါင်းမှာ ၄ ချက် လက်ဖျံကျောမှာ  ၅ ချက် ချုပ်ရတယ်။ ဓါးပြားနဲ့ ရိုက်ဓါးရိုးနဲ့ နှက်ထားတဲ့ ဒဏ်ရာတွေလဲ မနဲဘူး” ဟု ပြောပြသည်။