မြန်မာကို စွန့်ပယ်ခြင်းအတွက် အိန္ဒိယကို ကန်သမ္မတ ဝေဖန်

မြန်မာကို စွန့်ပယ်ခြင်းအတွက် အိန္ဒိယကို ကန်သမ္မတ ဝေဖန်
by -
မဇ္ဈိမ

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လိုလားမှုအပေါ် မထောက်ခံသဖြင့် အမေရိကန်သမ္မတက နယူးဒေလီပါလီမန် ဥပဒေပြုအမတ်များ ...

ချင်းမိုင်(မဇ္ဈိမ) ။      ။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လိုလားမှုအပေါ် မထောက်ခံသဖြင့် အမေရိကန်သမ္မတက နယူးဒေလီပါလီမန် ဥပဒေပြုအမတ်များ ရှေ့မှောက်၌ အိန္ဒိယကို ယနေ့ ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံခြားရေးမူဝါဒ အောင်မြင်ရာမှ အင်အားကြီးနိုင်ငံအဖြစ် ရောက်လာသည်ကို အသိအမှတ်ပြုပြီး ကုလ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရေးကို သူက ထောက်ခံသော်လည်း၊ မြန်မာနိုင်ငံတွင် စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေသည်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံက ဘာမှမပြောသည်ကိုမူ သူက ဝေဖန်ခြင်း ဖြစ်သည်။

အာရှဒီမိုကရေစီ ၁ဝ နိုင်ငံ ခရီးစဉ်အတွင်း နယူးဒေလီရောက်ရှိစဉ် အိန္ဒိယလွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ မိန့်ခွန်းပြောရာ အိန္ဒိယ၏ ဒီမိုကရေစီအစဉ်အလာကောင်းများကို ချီးကျူးသော်လည်း မြန်မာ့လူ့အခွင့်အရေးကိစ္စအပေါ် နှုတ်ဆိတ်နေသည်ကို ဝေဖန်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းလာခြင်းသည် နယူးဒေလီအတွက် ကြီးမားစွာ အကျိုးရှိစေသည်ဟုလည်း သူက ဆိုသည်။

’’ဥပမာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ဖိနှိပ်လာတဲ့အခါ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေက နှုတ်ဆိတ်နေလို့ မရပါဘူး’’ ဟု မစ္စတာ အိုဘားမားက ပြောသည်။ ’’လောဘကြီး ခြစားအကျင့်ပျက်ပြီး ကြောက်စိတ်မွှန်နေတဲ့ အစိုးရတွေက တတိုင်းတပြည်လုံးရဲ့ မျှော်မှန်းချက်တွေကို အကျပ်ကိုင်ထိန်းချုပ်ထားတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အခုလို တကမ္ဘာလုံးကို ပြသလိုက်တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ခိုးယူသွားတာမျိုးဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး’’ ဟု ဆိုသည်။

လွန်ခဲ့သောလက အိန္ဒိယသည် မြန်မာစစ်အစိုးရ အကြီးအကဲကို လှိုက်လှဲပျူငှာကြိုဆိုခဲ့ကာ စာချုပ်အများအပြား လက်မှတ်ထိုးခဲ့သည်။ ထို့အတွက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ထောက်ခံသူများ အမျက်ဒေါသထွက်ခဲ့သည်။

’’အခုလို ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို  တွေ့မြင်ရတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်နဲ့ အိန္ဒိယခေါင်းဆောင်တွေက ရှုတ်ချကန့်ကွက်ဖို့ တာဝန်ရှိပါတယ်’’ ဟု မစ္စတာ အိုဘားမားက ပြောဆိုသည်။ ’’ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလို ပြဿနာကြီးတွေကို ကြုံတဲ့အခါ  နိုင်ငံတကာ မျက်နှာစာမှာ အိန္ဒိယနိုင်ငံဟာ ရှောင်ပြေးသွားတတ်ပါတယ်’’ ဟု ဆိုသည်။

’’ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး နှစ်ခုအနေနဲ့ ကျနော်တို့ လွတ်လပ်မှုရဲ့ တန်ဖိုးဆိုတာဟာ အခြားသူတွေရဲ့ လွတ်လပ်မှုအတွက် ရပ်တည်ပေးဖို့ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ဘယ်တော့မှ မမေ့သင့်ပါဘူး’’ အမေရိကန် နိုဘယ်ဆုရှင်က ပြောသည်။ တိုင်းပြည်တွင်းတွင်၎င်း၊ နိုင်ငံရပ်ခြားတွင်၎င်း၊ ဒီမိုကရေစီစံနှုန်းများကို တိုးတက်ခိုင်မာအောင် လုပ်ရန်မှာ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သော နိုင်ငံများ၏ တာဝန်ဟု  သူက ခုခံပြောဆိုသည်။

နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့အပြီး သမ္မတ၏ ဤမှတ်ချက်ပေါ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်မျှတသော ရွေးကောက်ပွဲတရပ်တွင် ရှိရမည့် မည်သည့်စံနှုန်းကိုမျှ မမီခဲ့ခြင်းအတွက် နိုင်ငံရေး အတိုက်အခံများ၊ အမေရိကန်နှင့် အခြားကမ္ဘာ့နိုင်ငံများက လှောင်ပြောင်ဝေဖန်ခဲ့ကြသည်။

ထိုအတောအတွင်း နယူးဒေလီမြို့ရှိ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကလည်း ထိုင်သပိတ်ဆင်နွှဲကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သေချာပေါက် လွှတ်ပေးရေး၊ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချရေးတို့အတွက် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် သမ္မတအိုဘားမားကို ပြောကြားခဲ့သည်။

အိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းနှင့်စပ်လျဉ်း၍ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကြာရှည်စွာ ထောက်ခံအားပေးလာခဲ့သူ မစ္စဂျာယားဂျက်တလီ Jaya Jaitely က ဤသို့ အိန္ဒိယမူဝါဒ ရေးဆွဲသူများကို မစ္စတာ အိုဘားမား ပြောကြားခဲ့ခြင်းအတွက် သူမအနေဖြင့် နှစ်ထောင်းအားရကြောင်း ပြောသွားခဲ့သည်။

ဤသို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်ခံနေရမှုအပေါ် နယူးဒေလီက နှုတ်ဆိတ်နေခြင်းအတွက် ပြင်းထန်သော စကားလုံးများသုံးပြီး မစ္စတာအိုဘားမားက ဝေဖန်ခဲ့သော်လည်း အိန္ဒိယ၏ အခြေအနေ အဆင့်အတန်း တိုးတက်မြင့်မားလာမှုကိုမူ သူက ချီးကျူးဂုဏ်ပြုပြောဆိုခဲ့သည်။

ရွေးကောက်ပွဲနှင့်ဆိုင်သည့် ကောင်းမွန်သော အစဉ်အလာ အမွေကောင်းများရှိခြင်း၊ လွတ်လပ်သော တရားစီရင်ရေး စနစ်တရပ်ရှိခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိခြင်းတို့ကြောင့် အသံအားလုံးကို ကြားနိုင်စေသည့် ဝန်းကျင်ကောင်းတရပ် ရှိခြင်းအတွက်လည်း အမေရိကန် သမ္မတကြီးက ချီးကျူးပြောကြားခဲ့သည်။

မစ္စတာအိုဘားမား ပြောခဲ့သော သတင်းစကားများတွင် အမျိုးမျိုးရောယှက်နေသဖြင့် အိန္ဒိယကို မြန်မာခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံပါရန် မီးစိမ်းပြလိုက်သလိုလည်း ဖြစ်သည်။ ဤထိတွေ့ဆက်ဆံရေးမူဝါဒမှာ သူ့အစိုးရက ရှေ့ဆောင်ချမှတ်ထားခြင်းလည်း ဖြစ်ပြီး၊ မြန်မာဗိုလ်ချုပ်ကြီးများဘက်က လိုလိုလားလား မရှိခြင်းနှင့် နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်ခံနေရခြင်းအတွက် အကောင်အထည်မပေါ်နိုင်ဘဲ ရှိနေသည်။

ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေး လက်တွဲဘက်နိုင်ငံများနှင့် ဆွေးနွေးပြောဆိုမှုများ လုပ်ပါရန်လည်း နယူးဒေလီကို အားပေးတိုက်တွန်းလိုက်သည်။ ’’တခြားသော သင့်အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများလိုပဲ ကျနော်တို့ကလည်း အိန္ဒိယနိုင်ငံကို `အရှေ့ကိုသာ မမျှော်ဘဲ´၊ `အနောက်ကိုလည်း ထိတွေ့ဆက်ဆံ´ စေလိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါမှ ကျနော်တို့ နိုင်ငံအားလုံးအတွက် လုံခြုံမှုနဲ့ သာယာဝပြောမှု ရစေမှာကြောင့် ဖြစ်ပါတယ်’’ ဟု အိုဘားမားက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ လျှို့ဝှက်နျူကလီးယား အစီအစဉ်ကို အတိအလင်း ညွှန်းဆိုသွားခြင်း မရှိသော်လည်း နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် ပူးတွဲတာဝန်ရှိကြောင်းကိုလည်း သူက အိန္ဒိယဥပဒေပြုအမတ်များကို သတိပေးပြောကြားခဲ့သည်။

ဤမိန့်ခွန်းကို အိုဘားမား၏ ပထမဆုံး အိန္ဒိယခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုခရီးစဉ်အတွင်း သူသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားသို့လည်း သွားရောက်မည်။ သူ၏ သမ္မတသက်တမ်းအတွင်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ပထမဆုံး နိုင်ငံခြားဧည့်သည်တော်အဖြစ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

Most read this week