မသမာ ကြိုတင်မဲများအကြား မြို့ကြီး အများအပြား၌ ကျားဖြူပါတီ အားသာနေ

မသမာ ကြိုတင်မဲများအကြား မြို့ကြီး အများအပြား၌ ကျားဖြူပါတီ အားသာနေ
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ၇ ရက် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ၌ အာဏာရ စစ်အုပ်စုက ၎င်း၏ ပါတီအတွက် ကြိုတင်မဲဖြင့် မတရား ကောက်ခံထားသော်လည်း မြို့ကြီး ...

နိုဝင်ဘာ ၇ ရက် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ၌ အာဏာရ စစ်အုပ်စုက ၎င်း၏ ပါတီအတွက် ကြိုတင်မဲဖြင့် မတရား ကောက်ခံထားသော်လည်း မြို့ကြီး အများအပြား၌ ကျားဖြူပါတီ အနိုင်ရနေသည်ဟု ကျားဖြူပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါသည်။

မိုင်းတုံဘက် စည်းရုံးရေး ဆင်းစဉ် ကြမ်းတမ်းသော လမ်းခရီး၌ တထောက်နားနေသော စိုင်းအိုက်ပေါင်း အဖွဲ့ ( ဓါတ်ပုံ-ကျားဖြူစာစောင် Facebook)“အခု အနိုင်ရနေတဲ့ မြို့တွေက မူစယ်/ နမ့်ခမ်း/ ကျောက်မဲ/ လဲချား/ မိုင်းကိုင်/ မိုင်းယောင်း/ ကျေးသီး/ လင်းခေး သေချာတယ်။ မဲတွေက တပ်တွင်း မတရားတဲ့ ကြိုတင်မဲတွေ ပေါင်းတာ တောင်မှ မိုင်းယောင်းမှာဆို ကျားဖြူက ထက်ဝက်ကျော် အနိုင်ရတယ်။ လွတ်တော် သုံးရပ်ပေါင်း ကျားဖြူက မဲတသောင်း ရတယ်။ ကြံဖွံ့က ၅ ထောင်ဘဲ ရတယ်” ဟု ကျားဖြူအမတ်လောင်း တဦးက ပြောပါသည်။

လက်ရှိ အခြေအနေအရ ကျားဖြူပါတီ ဥက္ကဌ ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်သည့် သိန္နီမြို့နယ်တွင် မဲဆန္ဒ နယ်အမှတ် ၂  က အပြတ်အသတ် အနိုင်ရခဲ့ပြီး မြို့ပြင်ပိုင်းတွင်မူ ပြည်သူ့စစ် ပြည်ခိုင်ဖြိုးနှင့် နအဖ  အာဏာာပိုင်တို့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်ယူခြင်း၊ အတင်းအဓမ္မ ထောက်ခံမဲအတွက် ကိုယ်စားခြစ်ပေးခြင်း၊ ထောက်ခံမဲ ပေးရန် မဲရုံအတွင်း ၀င်ရောက်ဖိအားပေးခြိမ်းခြောက်ခြင်းကြောင့် မဲဆန္ဒအမှတ် ၁ တွင် အနိုင်ရနိုင်ရန် ခက်ခဲကြောင်း ကျားဖြူပါတီရုံးချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါသည်။

“ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ မဲရုံကို နေ့လည် ၁၂ နာရီခွဲ ပိတ်ပြီး မဲတွေ ရေတွက်ခဲ့တယ်။ မဲပေးပိုင်ခွင့်ရှိသူ ၇၂၄ ဦး ရှိပြီး ကြိုတင်မဲ ၅၀၀ ကျော် ရှိတယ်။ ကြိုတင်မဲ ရလဒ်က - ပြည်သူ့လွှတ်တော် - မဲပေးသူ ၅၄၀ ဦး၊ ကြံ့ခိုင်ရေး ၅၁၃ မဲ၊ ကျားဖြူ ၁၉ မဲ၊ တစည ၃ မဲ၊ ကိုးကန့် ၁ မဲ၊ ပယ် ၄ မဲ။ အမျိုးသားလွှတ်တော် - မဲပေးသူ ၅၃၉ ဦး၊ ကြံ့ခိုင်ရေး ၅၁၉ မဲ၊ ကျားဖြူ ၁၇ မဲ၊ တစည ၂ မဲ၊ ကိုးကန့် ၀ မဲ၊ ပယ် ၁ မဲ။ ပြည်နယ်လွှတ်တော် - မဲပေးသူ ၅၂၉ ဦး၊ ကြံ့ခိုင်ရေး ၅၁၂ မဲ၊ ကျားဖြူ ၁၆ မဲ၊ တစည ၀ မဲ၊ ကိုးကန့် ၀ မဲ၊ ပယ် ၁ မဲ” ဟု ရွေးကောက်ပွဲ စောင့်ကြည့်သည့် ခေတ်ပညာ တတ်လူငယ် တဦးက ပြောပါသည်။