ရွေးကောက်ပွဲ နေ့ရက်က ကရင်နီပြည်တွင် နိုင်ငံခြား သံတမန်များအား လာရောက် လေ့လာကြည့်ရှုခွင့် ပေးထားသည့် မဲရုံများမှာ မဲထည့်သူများဖြင့် ...
ရွေးကောက်ပွဲ နေ့ရက်က ကရင်နီပြည်တွင် နိုင်ငံခြား သံတမန်များအား လာရောက် လေ့လာကြည့်ရှုခွင့် ပေးထားသည့် မဲရုံများမှာ မဲထည့်သူများဖြင့် လူစည်ကားပြီး လေ့လာခွင့် မပေးသည့် ကျေးရွာအုပ်စုရှိ မဲရုံများမှာမူ မဲထည့်သူ မရှိဘဲ ရဲနှင့် ကြံ့ဖွံ့များသာ တွေ့ရသည်ဟု မဲရုံစောင့်ကြည့်သူများက ပြောသည်။
“ရွေးကောက်ပွဲတော့ ဘယ်သူမှ စိတ်မ၀င်စားဘူး။ မဲရုံမှာ ကြံ့ဖွံ့နဲ့ ရဲလောက်ပဲ လာတယ်။ မဲလာပေးတဲ့ လူတွေ မဲရုံ တရုံမှာ ၁၀၀ တောင် မရှိဘူး” ဟု လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စုတွင်းရှိ မဲရုံများအား လေ့လာစောင့်ကြည့်သူ တဦးက ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသ အသီးသီး၌ နိုဝင်ဘာလ ၇ ရက်နေ့က ကရင်နီပြည်တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အခြေအနေကို နိုင်ငံခြား သံတမန်များ ဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး H.E.Dr.Villur Sundararajan Seshadri တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ဒုအတွင်းဝန် Mr.Xu Tao နှင့် လာအိုသံရုံးမှ မထမအတွင်းဝန် Mr. Vangparo Sipaseuth တို့ကို ကြည့်ရှုလေ့လာခွင့် ပေးခဲ့သည်။
အဆိုပါ သံသမန်များကို ပြည်နယ်ကော်မရှင် အဖွဲ့မှ ဦးဆောင်ပြီး လွိုင်ကော်မြို့နယ် နောင်ယား (က) ရပ်ကွက် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှိ မဲရုံအမှတ် (၁)၊ နောင်ယား (ခ) ရပ်ကွက် အမှတ် (၂) အလယ်တန်းကျောင်းရှိ မဲရုံအမှတ် (၁)၊ မင်းစုရပ်ကွက် အမှတ် (၁) အထက်တန်းကျောင်းရှိ မဲရုံ အမှတ် (၁) တို့ကို လှည့်လည်ပြသခဲ့သည်။
သံတမန်များ ကြည့်ရှုလေ့လာခွင့် မရသည့် မဲရုံများ၌ မဲပေးခွင့်ရှိသူတို့မှာ မဲရုံအထိ မရောက်ဘဲ လမ်းတ၀က်ကနေ လှည့်ပြန်ကြသည်ဟု ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများအား သွားရောက်လေ့လာကြည့်ရှုခဲ့သူ ဒေသခံတဦးက ပြောသည်။
ရွေးကောက်ပွဲရက်တွင် မဲထွက်မပေးသော ဒီးမော့ဆိုမြို့ခံ တဦးက “ဘယ်မှလည်း မသွားရဲဘူး၊ တော်ကြာ အကုတ်ခံရမှာ စိုးလို့။ ပြီးတော့ ဘယ်အဖွဲ့မှလည်း မထည့်ချင်လို့” ဟု ပြောသည်။
ကရင်နီပြည်တွင် ငွေကြေး ပံ့ပိုးမှု အားကောင်းပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ရှိထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဗိုလ်ချုပ်နေ၀င်း အာဏာ အကြွင်းအကျန်တို့၏ ကျောထောက်နောက်ခံရှိထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှစ်ပါတီသာ ယှဉ်ပြိုင်ခဲ့ကြသည်။