ဦးဇင်းနဲ့ စကားပြောပြီး မကြာခင်မှာပဲ အခြေအနေ အပြောင်းအလဲဖြစ်လာတယ်။ တခြားတော့ မဟုတ်ဘူး၊ မိတ်ဆွေ တချို့က ကမ်းလှမ်းတာကြောင့် မလှိုင်ဘက်ကို အရောက်သွား ...
ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့မနက်ပိုင်း…
ဦးဇင်းနဲ့ စကားပြောပြီး မကြာခင်မှာပဲ အခြေအနေ အပြောင်းအလဲဖြစ်လာတယ်။ တခြားတော့ မဟုတ်ဘူး၊ မိတ်ဆွေ တချို့က ကမ်းလှမ်းတာကြောင့် မလှိုင်ဘက်ကို အရောက်သွားဖို့ စီစဉ်ခဲ့ပါတယ်။ နေ့ဆွမ်းဘုဉ်းပေးချိန်လဲ နီးနေပြီဆိုတော့ ခရီးမထွက်ခင် ဦးဇင်းကိုဆွမ်းကပ်ဖို့ ပြင်ကြရတယ်။ ကျမတို့ မောင်နှမတွေ လူခွဲပြီး ဆွမ်းကပ်ဖို့ အိမ်ကို ဆွမ်းနဲ့ ဆွမ်းဟင်းပြန်ယူသူကယူ၊ ဦးဇင်းလုံခြုံရေးအတွက် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်သူကခတ်နဲ့ပေါ့။
အမေကတော့ ကျောင်းဆရာမဘဝက လာသူဆိုတော့ ‘‘ဦးဇင်း ဒီအတိုင်း ဆက်သွား နေရင်တော့ အဖမ်းခံရမယ်ဆိုတာ သေချာ နေပြီ။ ဒီအတွက် ဦးဇင်း အဖမ်းခံနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အဆင်သင့် ဖြစ်ပြီ လား၊ ... |
အိမ်ကိုပြန်၊ ဆွမ်းကပ်ဖို့ကိစ္စစီမံပြီး ဦးဇင်းအတွက် ဆွမ်းပို့နဲ့ ကျမတို့ မောင်နှမတွေ အလုပ်ရှုပ်နေကြပေမယ့် အာဏာပိုင်တွေကတော့ သတိထားမိဟန်မတူဘူး။ အဲဒီအချိန်က သူတို့အဓိက ပစ်မှတ်ထားတာကလဲ ဖုန်းဆိုင်နဲ့ နယ်ခံမဟုတ်တဲ့ မျက်နှာစိမ်းလူပဲလို့ ကျမတို့ သိရတာကိုး။ ဒါကြောင့် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားပြီး စက်မှုဇုံထဲမှာ အသိအကျွမ်းပေါလှတဲ့ ကျမမောင်တွေနဲ့ ကုန်စုံဆိုင်လေးဖွင့်ထားတဲ့ ကျမတို့ အိမ်ကို သံသယမရှိခဲ့တာ နေမှာပေါ့။
ပတ်ဝန်းကျင်က အထူးအဆန်းဖြစ်နေမှာစိုးတာကြောင့် နေ့ဆွမ်းကပ်ဖို့ ဦးဇင်းကို အိမ်မပင့်တော့ပဲ စီပွားရေးတက္ကသိုလ်နားက သစ်ပင်ဝါးပင်ရိပ်တွေမှာပဲ ဘုန်းပေးနိုင်အောင် စီစဉ်ပေးရတော့တယ်။
ဦးဇင်း နေ့ဆွမ်းဘုဉ်းပေးပြီးမှ ခရီးဆက်ဖို့ ပြင်တော့ ကျမတို့က တတွတ်တွတ်မှာကြတယ်။ လမ်းခရီးမှာ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် ဂရုစိုက်ဖို့တွေကိုပေါ့နော်။ မလှိုင်ဘက်ကို သွားမယ့် လမ်းမှာ ပြဿနာမရှိရအောင် သိပ်ပြီး အတင့်မရဲဖို့ စသဖြင့် မှာနေပေမယ့် တကယ်တမ်းပြန်စဉ်းစားကြည့်တော့ ဦးဇင်းက ဒါတွေအားလုံးကို သဘောပေါက်ပြီး၊ နောကျေပြီးလို့ ဒီလောက်အခြေအနေအထိရောက်လာတာလို့ အတွေးဝင်မိတော့မှ ဦးဇင်းလဲ နားငြီးသက်သာသွားတော့တယ်။
အဲဒီအချိန်က ကျောင်းပိတ်ရက်နဲ့ အံကိုက်ဖြစ်နေလို့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ဝန်းကျင်မှာ လူရှင်းနေတာက ကျမတို့ လှုပ်ရှားမှုတွေကို တခြားသူတွေ မသိနိုင်ဖို့ အခွင့်အရေးတခုပါ။
ဦးဇင်းတို့ မိတ္ထီလာနဲ့ မလှိုင်လမ်းခွဲနားရောက်တော့ ဦးဇင်းဆီကို (သတင်းဌာနတခုကထင်တယ်) ဖုန်းဝင်လာတယ်။ ဆိုင်ကယ်ရပ်ပြီး ဖုန်းလက်ခံစကားပြောနေတုန်း ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်နေတဲ့ အဖော်က မလှိုင်လမ်းခွဲထိပ်ကဇရပ်ကို စနည်းနာလိုက်တော့ ဇရပ်မှာ စရဖ (စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့) က လူတွေ ကိုမြင်လိုက်ရတယ်လေ။ သူလဲ ပြာပြာသလဲနဲ့ ဆိုင်ကယ်ကို ပြန်လှည့်ပြီး စက်မှုဇုံဘက်ကို ပြန်မောင်းဖို့ပြင်ရတော့တယ်။ ဦးဇင်းကို အေးအေးဆေးဆေး ရှင်းမပြနိုင်ပဲ ဆိုင်ကယ်ပေါ်သာ တက်ဖို့ဇွတ်ပြောပြီး စက်မှုဇုံဘက်ကို ဒုန်းစိုင်းပြန်မောင်းခဲ့တော့တာ။ မလှိုင်လမ်းခွဲထိပ်က ဇရပ်မှာ စောင့်နေတဲ့ စရဖ အုပ်စုက ကျမတို့ စက်မှုဇုံ ၅လမ်းထိပ်က တယ်လီဖုန်းဆိုင်မှာ အမြဲထိုင် နေကျဆိုတော့ ဒီမျက်နှာတွေကို သူက အလွတ်ရနေသူမို့ တော်သေးတာပေါ့။ သူတို့ရောက်နေတဲ့နေရာက ဇရပ်နဲ့ သိပ်ကွာတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဟိုလူတွေ ဝိုင်းဖွဲ့ပြီး ဘာတွေနဲ့ စည်းစိမ်ယစ်နေကြလို့လဲတော့ သူ တိတိကျကျမသိခဲ့ရဘူးတဲ့။
စက်မှုဇုံထဲရောက်တော့ ဦးဇင်းကို စက်မှုဇုံအပြင်က တောစပ်မှာ သီတင်းသုံးစေပြီး ကျမတို့ဆီကို အကြောင်း ကြားတယ်။ အမေကိုယ်တိုင်က ဦးဇင်းနဲ့တွေ့ပြီး စကားအေးအေးဆေးဆေးပြောမယ်၊ ပြီးမှ ခရီးဆက်ဖို့ ဝိုင်းစဉ်းစားကြမယ်လို့ သဘောထားပေးတော့ ဦးဇင်းကို အိမ်ကိုပဲ ကြွခဲ့ဖို့ ပင့်ခိုင်းလိုက်ရတော့တယ်။ ဒါပေမယ့် ချက်ချင်းတော့ မဟုတ်ဘူး၊ ညမိုးချုပ် လူရှင်းတဲ့အခါမှလေ။
အဲဒီည (၁ဝ)နာရီကျော်လောက်မှာ ကျမတို့ အိမ်ကို ဦးဇင်း တိတ်တဆိတ်ကြွလာပြီး အဖေတို့နဲ့ တိုင်ပင်ဆွေးနွေးပါတယ်။ ကျမတို့ မောင်နှမတတွေကတော့ အိမ်ပတ်ပတ်လည်မှာ ကင်းစောင့်နေရတာပေါ့။ ဦးဇင်းအိမ်ကြွလာတာကို ဘယ်သူများရိပ်မိသွားသေးလဲ၊ ငါတို့အိမ်ကို စိတ်ဝင်တစားကြည့်နေသူ ဘယ်သူရှိလဲ စတာတွေကို မီးမှောင်ချပြီး ဂရုတစိုက်စောင့်ကြည့်နေခဲ့ရတယ်။
ဦးဇင်းနဲ့ အဖေတို့ကတော့ အိမ်အတွင်းခန်းမှာ ဖယောင်းတိုင်မီးလေးနဲ့ပဲ စကားပြောနေရတယ်။ အဖေက ရှည်ရှည်ဝေးဝေး သိပ်ပြောတတ်သူမဟုတ်တော့ ဦးဇင်းရဲ့ စိတ်ဆုံးဖြတ်ချက်ကို အဓိကထားပါတယ်။ ဦးဇင်းအပေါ်လဲ ယုံကြည်မှု အတိုင်းတာတခုအထိရှိသွားပုံရတယ်။ ဒါကြောင့်ပဲ ဦးဇင်းယုံကြည်တဲ့အတိုင်း ဆက်လျှောက်နိုင်အောင်သာ တစုံတရာထောက်ပံ့နိုင်ဖို့ ဝိုင်းစဉ်းစားပေးခဲ့တာပါ။
‘‘ဒီအလုပ်တွေကို စလုပ်တော့မယ် ဆိုကထဲက ကျုပ်က အသက်စတေးဖို့ အထိတောင် ဆုံးဖြတ်ပြီးသားဗျ။ ဒီအခြေအနေတွေကို မသိပဲ၊ မလေ့လာပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ သိသိကြီးနဲ့ လူထုဘဝတွေကို ဥပေက္ခာမပြုနိုင်လို့ လုပ်ခဲ့တာ’’ |
အမေကတော့ ကျောင်းဆရာမဘဝက လာသူဆိုတော့ ‘‘ဦးဇင်း ဒီအတိုင်း ဆက်သွားနေရင်တော့ အဖမ်းခံရမယ်ဆိုတာ သေချာနေပြီ။ ဒီအတွက် ဦးဇင်း အဖမ်းခံနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အဆင်သင့်ဖြစ်ပြီလား၊ အဖမ်းခံလိုက်ရရင်တော့ အနည်းဆုံး ဆယ်စုနှစ်နဲ့ ချီသွားမယ်၊ ဒါကို ခေါင်းထဲမှာ တခါထဲ မှတ်ထားဖို့၊ ထောင်ထဲဖြတ်သန်းရတဲ့ဘဝက အပြင်မှာလိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်နေမှာ မဟုတ်ဘူး။ ဦးဇင်းတို့လို အနေအထားဆိုရင် ပိုပြီးနှိပ်စက်ခံရမယ်။ တကယ်လို့ အဖမ်းမခံပဲ တခြားနေရာတခုခုကို ထွက်သွားမယ်ဆိုရင် မိသားစုအတွက် သိပ်ပြီး တာဝန်မကြီးတော့တာမှန်ပေမယ့် အဖမ်းခံလိုက်လို့ ထောင်ကျသွားခဲ့ရင်လဲ ဒကာမကြီးတို့အနေနဲ့ ထောင်ဝင်စာကိစ္စတွေကအစ အဆင်ပြေအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမှာဖြစ်တယ်’’ စသဖြင့် ဦးဇင်းကို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ပြနေတော့တယ်။
ကျမတို့အမေက ထောင်ဝင်စာတွေ့ခဲ့ရဘူးတဲ့ အတွေ့အကြုံ၊ အကျဉ်းကျမိသားစု ခံစားရတဲ့ဒုက္ခ၊ နိုင်ငံရေး အကျဉ်းသားတဦးအနေနဲ့ ထောင်ထဲမှာ အမျိုးမျိုးညင်းပန်းနှိပ်စက်ခံရတာတွေကို လွန်ခဲ့တဲ့ အနှစ်(၂ဝ) ဝန်းကျင် လောက်ကတည်းက တွေ့ကြုံခဲ့ဘူးပြီးသားလေ။ ကျမတို့အဖေက (၈)လေးလုံးလူထုအရေးတော်ပုံကြီးပြီးတော့ ထောင်(၁) နှစ်ခွဲနဲ့ အကိုကြီးက ထောင်(၃)နှစ်ကျခဲ့ဘူးတာကိုး။ အဲဒီတုန်းက ကျမတို့ ထင်ခဲ့တာ တခုရှိတယ်။ တကယ်ပြောရရင် ကျမတို့တင်မကဘူး ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကမိတ်ဆွေတွေပါ ဒီသုံးသပ်ချက်ကိုပေးကြတာ။
အဖေက မြို့နယ်သပိတ်ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုလှုပ်ရှားခဲ့သူ၊ ရွေးကောက်ပွဲဖြစ်တော့လဲ တသီးပုဂ္ဂလအမတ်အနေနဲ့ ဝင်အရွေးခံဖို့ ကြိုးစားခဲ့သူဖြစ်တာကြောင့် အဖေက ထောင်သက်ပိုရှည်လိမ့်မယ်။ အကိုကြီးကတော့ ကျောင်းသားလူငယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် မသိနားမလည် အသိတရားဒီလောက် ကြွယ်သေးတာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ဖမ်းလည်းခဏပါပဲ၊ သိပ်မကြာခင်ပြန်လွတ်လာမှာပါလို့ မျှော်ခဲ့မိတာလေ။ နောက်တော့မှ သုံးသပ်သူတွေ မှားသွားမှန်းသိတော့တာ။ (၃)နှစ်လို့ နာမည်တပ်ပေမယ့် ချုပ်ရက်လျော့တာ မရှိလို့ (၃)နှစ်ခွဲလောက်ရှိမယ်ထင်တယ်။ အဖေလဲ ဒီလိုပဲ (၁) နှစ်ခွဲဆိုပေမယ့် ချုပ်ရက်နဲ့တွက်လိုက်ရင်တော့ (၂) နှစ်နီးပါးပဲ။ အဖေအဖမ်းခံထားရတော့ လွှတ်တော်အမတ်အနေနဲ့ ဝင်အရွေးခံဖို့ ကိစ္စလဲ ပျက်သွားခဲ့ရတယ်။ အဲဒီတုန်းက ငွေတသောင်းလားမသိဘူး (ကျမသိပ်မမှတ်မိတော့လို့) တင်ရသေးတယ်။ အဲဒါလည်း ပြန်မရတော့ဘူးလို့ အမေက ပြောဘူးတယ်။
အခုဦးဇင်းကိုလဲ စိတ်ဓာတ်ပိုင်းအရ အဆင်သင့်ဖြစ်ပြီလား၊ မဖြစ်ရင်တော့ လုံးလုံးလွတ်အောင်ရှောင်ဖို့နဲ့ ထောင်ကျခံနိုင်တဲ့စိတ်ဓာတ်၊ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ မိသားစုကို စိတ်မပူဖို့၊ ဦးဇင်းနောက်ကနေပြီး အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမှာဆိုတာတွေကို အမေက အဓိကပြောပြပါတယ်။
ဦးဇင်းက အကိုကြီးတို့ အဖေတို့လိုမဟုတ်ဘူး။ ထောင်ကျဘူးတဲ့အတွေ့အကြုံမရှိဘူး။ နှစ်ပေါင်းများစွာ သာသနာ့ ဘောင်မှာပဲ သူများကန်တော့တာခံ၊ အရိုအသေးပေးတာကိုခံပြီး သူများဦးဦးဖျားဖျားကို ခေါင်းရင်းခန်းက ထိုင်ဘုဉ်းပေးခဲ့ရတဲ့ဘဝနဲ့ ရှင်သန်ခဲ့ရတာ၊ ထောင်ထဲမှာက အဲဒီလိုမဟုတ်ဘူးဆိုတာ အမေကသိတယ်။ ထောင်တွင်းနေ့စဉ်ဘဝမှာ ဘုန်းကြီးပေမယ့်လို့ ဂရုဂါရဝမရှိတဲ့အပြင် ထောင်ဝါဒါ၊ ထောင်တန်းစီးစတဲ့ ဝန်ထမ်းတွေရဲ့ ဆဲဆိုရိုက်နှက်တာတွေနဲ့ နေ့စဉ်ကြုံတွေ့နေရမယ်။ အခန်းကျဉ်းလေးထဲမှာပဲနေရပြီး ကိုယ်သွားချင်ရာ ကိုယ်လုပ်ချင်ရာတွေ တနည်းအားဖြင့် ကိုယ့်စိတ်ဆန္ဒတွေကို စတေးထားရမယ်။ ထောင်ဝန်ထမ်းတွေက ထောင်စည်းကမ်းနဲ့ လူသားတဦးဆိုတဲ့ ဂုဏ်သိက္ခာကို တပြားသားမှ မကျန်အောင် နှိပ်စက်ကြမှာလေ။ ဒါကြောင့် အမေက ဦးဇင်းကို ကြိုပြီးပြင်ဆင်ထားနိုင်အောင်လို့ ပြောပြနေရတာပေါ့။
ဦးဇင်းကလဲ ‘‘ဒီအလုပ်တွေကို စလုပ်တော့မယ်ဆိုကထဲက ကျုပ်က အသက်စတေးဖို့အထိတောင် ဆုံဖြတ်ပြီးသားဗျ။ ဒီအခြေအနေတွေကို မသိပဲ၊ မလေ့လာပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ သိသိကြီးနဲ့ လူထုဘဝတွေကို ဥပေက္ခာမပြုနိုင်လို့ လုပ်ခဲ့တာ’’လို့ ပြောတော့ အမေစိတ်ချသွားဟန်တူပါတယ်။
အဲဒီနောက် အဖေ၊ အမေနဲ့ ဦးဇင်းတို့ (၃)ဦးသား စကားပြောနေလိုက်တာ၊ ရှေ့ဆက်သွားဖို့ ခရီးလမ်းတွေကို အပြန်အလှန်အကြံပြု ဆွေးနွေးနေလိုက်တာ ဘယ်လောက်ကြာသွားမှန်းမသိဘူး။ ကျမတို့မောင်နှမတွေလဲ ကင်းစောင့်ရင်း အိပ်ငိုက်နေရာက အိပ်ပါပျော်သွားခဲ့တာလေ။ အမေလာနှိုးတော့မှပဲ ကျမတို့ အလန့်တကြားနဲ့ နာရီထကြည့်လိုက်တော့ မနက် (၅) နာရီထိုးခါနီးနေပြီ။ အမေက ဦးဇင်းကိုကန်တော့ရအောင် ထတော့သမီး ဆိုပြီးခေါ်တယ်။ ကျမလဲ အလူးအလဲထ ကပျာကယာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ဦးဇင်းရှိတဲ့ အခန်းထဲကို အပြေးသွား ကန်တော့ရတယ်။ စိတ်ထဲမှာတော့ ဝမ်းနည်းနေမိတယ်။
အရင်တုန်းကတော့ လွတ်လွတ်လပ်လပ်နဲ့ ဘာဖိစီးမှုမှမရှိပဲ စာဝါနားတဲ့အချိန်တွေမှာ အိမ်ကိုပြန်လာပြီး တချိန်လုံး ကျမတို့ကို ဆရာကြီးလုပ်နေတတ်တာ။ တခါတခါကျတော့လည်း အငယ်ဖြစ်ပြီး ဆရာကြီးလုပ်လွန်းလို့ဆိုတဲ့ အတွေးနဲ့ ကျမက စိတ်ဆိုးမိသေးတာ။ ဦးဇင်းက ကျမထက် (၂) နှစ်ငယ်တာကိုး။ ဒါပေမယ့် ဦးဇင်းပြောတာတွေက ကျမတို့အတွက် ဗဟုသုတဖြစ်စေတာ၊ ဘာသာရေးအသိဉာဏ်တိုးစေတာတွေက များပါတယ်။ ဦးဇင်းက ရန်ကုန်လို မြို့ကြီးမှာနေတာကိုး။ ကျမတို့ နယ်မှာထက်တော့ ဗဟုသုတစုံတာပေါ့နော်။
အဖေနဲ့လဲ အယူအဆပေါင်းစုံကို ဆွေးနွေးတယ်၊ ဘာသာရေး ဆိုလဲ မိရိုးဖလာကိုးကွယ်မှုတွေ အကြောင်းရောက်လိုက်၊ ဝိပဿနာအကြောင်း ရောက်လိုက်နဲ့လေ။ နိုင်ငံရေး အကြောင်းဆိုလဲ ဒီလိုပဲ အဖေတို့ မှီခဲ့တဲ့ မဆလခေတ်ကိုရောက်လိုက် အခုခေတ် ဖြစ်နေတဲ့ အခြေအနေတွေကို ရောက်လိုက်နဲ့။ တခါတလေများ အငြင်းအခုံဖြစ်တာက ရှိသေး။ လေလမ်းကြောင်း တည့်နေရင်တော့ တော်တော်နဲ့ကို မပြီးနိုင်တော့ဘူး။ အခုတော့ အဲလိုအခြေအနေတွေ မဟုတ်တော့ပဲ မေတ္တာပို့ဖို့ လှုံဆော်တဲ့ ဘုန်းကြီးက ဝရမ်းပြေးဘဝကို ရောက်နေတော့တာ။ အဓိက ခံစားရတာကတော့ ကျမတို့ ဘာသာရေးအရ အမြတ်တနိုးထားပြီး ကိုးကွယ်နေတဲ့ ဘုန်းကြီးရဟန်းတွေကို ရာဇဝတ်ကျူးလွန်သူတွေလို ဆက်ဆံခံနေရတာပါပဲ။
အဖေက အထုပ်အပိုးတွေနဲ့ ဦးဇင်းဘေးမှာပဲ ဦးဇင်းနဲ့အတူ ခရီးထွက်ဖို့ အသင့်အနေအထားရှိနေတာကို ကျမ ချက်ချင်း သတိမထားမိသေးဘူး။ အမေက အဖေ့ကိုလဲကန်တော့လိုက်အုံး၊ အဖေလဲလိုက်သွားမှာ ဆိုတော့မှ ကျမစိတ်ထဲပိုပြီး ဝမ်းနည်းနေမိတော့တယ်။ ခရီးသွားမယ့်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့သာ မျိုသိပ်နေရပေမယ့် စိတ်ထဲမှာတော့ အတော်ငိုနေမိတာ။
တကယ်တော့ အဖေက အသက် (၇ဝ) အရွယ်ရှိနေပြီ၊ အဖေခရီးမထွက်တာလဲ နှစ်အတော်ကြာနေတာမို့ ဦးဇင်းနဲ့ အတူခရီးသွားမယ်ဆိုရင် အဖေ့ အသက်အရွယ်နဲ့ ဖြစ်ပါ့မလား။ အဖေ့အတွက် ကျန်းမာရေး အရ စိုးရိမ်မိသလို အဖေ့ကြောင့် ဦးဇင်း ဝန်တာပိနေမှာကိုလဲ ကျမတို့ စိတ်ပူရပြန်ပါတယ်။ ဒါပေမယ့် အဖေကတော့ ဦးဇင်းကို စိတ်မချလို့ နေရာတခုအထိ အရောက်ပို့ပေးပြီး အခြေအနေအရ အိမ်ပြန်လာမှာ ဆိုတာနဲ့ အဖေ့ကျန်းမာရေးကလဲ အကောင်းပကတိဖြစ်နေတာမို့ ကျမတို့ မတားဖြစ်ခဲ့ပါဘူး။
ကျမတို့ကို အိမ်မှာ ဂရုတစိုက်နေကြဖို့မှာပြီး မနက်(၅)နာရီလောက်မှာပဲ အဖေတို့ ခရီးစထွက်သွားပါတယ်။ ကျမကတော့ အဖေတို့ အိမ်ကနေထွက်သွားတဲ့ မြင်ကွင်းလေးကိုကြည့်ပြီး ရင်ထဲမှာ အတော်ခံစားခဲ့ရတယ်။ အခု ခရီးက အိမ်ပြန်လာနိုင်ဖို့ သေချာတဲ့ခရီးမှမဟုတ်တာ။
ကျမတို့ မိသားစုတွေဘယ်တော့များမှ သိုက်သိုက်ဝန်းဝန်းနဲ့ အေးအေးချမ်းချမ်း နေနိုင်ပါ့မလဲ၊ အဖေနဲ့ပြန်တွေ့ရဖို့၊ ဦးဇင်းနဲ့ ပြန်တွေ့ရဖို့တွေကော သေချာရဲ့လားဆိုတဲ့ အတွေးတွေဝင်လာတော့ မျက်ရည်ကဆည်လို့ မရတော့ဘူး။ အမေကတော့ ဖျောင်းဖျတယ်။ ဝမ်းနည်းမနေပါနဲ့အေ၊ ဒီလိုပဲ လောကဓံဆိုတာတော့ ကြံ့ကြံ့ခံနိုင်ရမှာပေါ့။ လောကဓံကို ကြံ့ကြံ့ခံပြီး ရုန်းကန်နိုင်သူတွေအတွက် အောင်ပွဲဆိုတာ အလှမ်းမဝေးပါဘူး ဆိုပြီး အမေက နှစ်သိ့မ်တယ်။ ကျမတို့အမေက ငိုတာမကြိုက်ဘူး။ ငိုနေလို့ ဘာမှအကျိုးထူးလာမှာ မဟုတ်တဲ့အတွက် လူကို ပင်ပန်းစေတာပဲ၊ ငိုတဲ့အလုပ်က အသိတရားမကြွယ်သေးတဲ့ ကလေးကလားအလုပ်တွေလို့ အမေက ယူဆထားသူလေ။
ဘာပဲဖြစ်ဖြစ် အဖေလိုက်သွားတာကလဲ ဦးဇင်းအတွက် အကျိုးမယုတ်ဘူးလို့ ကျမထင်ပါတယ်။ အခု အဖေတို့ ဦးတည်သွားတဲ့ဘက်က ပခုက္ကူနယ်၊ ပခုက္ကူနယ်ထဲကနေပြီး ချင်းတောင်ဘက်တွေကို တက်နိုင်ရင်တော့ အဖေမိတ်ဆွေတွေရဲ့ ကူညီမှုတွေကို ရနိုင်တယ်။ ဦးဇင်းအတွက် အချိန်ကာလတခုအထိ အန္တရာယ်ကင်း ကင်းနေနိုင်လိမ့်မယ်လို့ ကျမ တွေးနေမိတယ်။ ကျမတို့အဖေက ချင်းတောင်ဘက်နဲ့ ရှမ်းပြည်ဘက်ကို အထူးကျွမ်း ကျင်သူလေ။ အဖေစစ်တပ်ထဲက ထွက်ပြီးကတည်းက ချင်းတောင်နဲ့ ရှမ်းပြည်ကို အသွားအလာလုပ်ပြီး ကျားရိုး၊ကျားရေနဲ့ တခြားကျောက်မျက်ရတနာတွေကို အရောင်းအဝယ်လုပ်ခဲ့ဘူးတယ်။ စစ်သားလဲဖြစ်ခဲ့ဘူးတော့ တောလမ်းခရီးဆိုတာ ကျမတို့အဖေအတွက် စိမ်းလှတာမဟုတ်ဘူး။ ပြီးတော့ ရောက်တဲ့အရပ်မှာ မိတ်ဖွဲ့တတ်တဲ့ အလေ့အကျင့်ရှိတော့လဲ အဆင်ပြေမှာပါလေဆိုပြီးပဲ စိတ်ဖြေနေရတယ်။
အမေကတော့ ခရီးသွားမယ့်သူအတွက်က ငွေကြေးက အလုံအလောက်ရှိမှ အဆင်ပြေမှာဆိုပြီး အဖေ့အိတ်ထဲ ပိုက်ဆံတသိန်းကျော် ထည့်ပေးလိုက်သေးတယ်။ ဦးဇင်းက သူ့ဒကာတွေလှူထားတဲ့ငွေတချို့ ကျန်ပါသေးတယ်ဆို ပေမယ့် ငွေကြေးကြောင့် အခက်အခဲမရှိစေချင်တဲ့ အမေ့ရဲ့ စေတနာပါ။
ကျမတို့အမေက ငိုတာမကြိုက်ဘူး။ ငိုနေလို့ ဘာမှအကျိုးထူးလာမှာ မဟုတ်တဲ့အတွက် လူကို ပင်ပန်းစေတာပဲ၊ ငိုတဲ့အလုပ်က အသိ တရားမကြွယ်သေးတဲ့ ကလေးကလား အလုပ် တွေလို့ အမေက ယူဆထားသူလေ။ |
အဖေတို့ထွက်သွားပြီး ကျောက်ပန်းတောင်း နယ်ဘက်ကို အရင်ဝင်ပါတယ်။ ကျောက်ပန်းတောင်းနယ်ဘက်က အသိမိတ်ဆွေတွေ ဆီရောက်တော့ အဖေတို့ အခြေအနေတွေကိုမေးပြီး ဦးဇင်းကို ဝတ္ထုငွေတွေဝိုင်းလှူကြတာရှိသလို ဦးဇင်းနဲ့အဖေတို့အတွက် နေရာထိုင်ခင်း ကိစ္စကူညီပေးကြတာလဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဦးဇင်းက သူ့ကြောင့် ဒကာတွေ ဒုက္ခရောက်မှာ စိုးတဲ့အတွက် ခရီးဆက်ဖို့ ပြင်ပါတယ်။
အောက်တိုဘာ (၁၄) ရက်နေ့ အာရုံမတက်ခင် မနက်ပိုင်းမှာ မိတ္ထီလာရဲစခန်းကနေ ကျမဖုန်းခေါ်လိုက်တော့ ဦးဇင်းတို့က ကမ္မ (ပခုက္ကူ-ကမ္မ) ဘက်ကိုရောက်နေပြီ။ ကမ္မဘက်ကိုရောက်မှ ဆွေမျိုးတွေနဲ့တွေ့ရပြီး ဆွေမျိုးတချို့က ရဲရဲတောက်နေကြသလို တချို့ဆွေမျိုးတွေကတော့ အလွန်ကြောက်နေကြတယ်လို့ အဖေက ဆိုတယ်။ ကြောက် နေကြသူတွေဆိုတာက အစိုးရ ဝန်ထမ်းမိသားစုပေါ့။ ဝန်ထမ်းအလုပ်နဲ့ အသင့်အတင့် အဆင်ပြေနေကြသူတွေလို့ ပြောလဲရတယ်။ ဒါကြောင့် သူတို့ အလုပ်ပြုတ်မှာ သူတို့ဘဝတွေ ကစဥ့်ကလျား ဖြစ်ကုန်မှာကို စိုးနေကြတာထင်ပါရဲ့။ အဖေတို့ကို သိပ်ပြီးတောင် လက်ခံစကားမပြောချင်ကြဘူးလေ။ ဒါပေမယ့် သတင်းပေး မလုပ်တာကိုပဲ လေးစားနေမိတော့တယ်။
ရဲစခန်းကနေပြီး ကျမခေါ်လိုက်တဲ့ ဖုန်းကြောင့် ဦးဇင်းတို့မှာ နောက်ကြောင်းလဲ မအေးပုံရတယ်။ ဒါကြောင့် ပခုက္ကူဘက်က ကိစ္စတချို့ပြီးတော့ ကျမတို့ မိတ္ထီလာစက်မှုဇုံကို ပြန်လာခဲ့ကြပါတယ်။ စက်မှုဇုံထဲကို ည (၈) နာရီဝန်းကျင်လောက်ရောက်တော့ ကျမတို့ ရဲစခန်းမှာ အိမ်ပြန်ဖို့ စောင့်နေတုန်း အချိန်လေ။ ကျမတို့ အိမ်မှာ အစောင့်ရဲ့သားတချို့ ကျန်ခဲ့တာကို သတိမထားမိပဲ စက်မှုဇုံ (၅) လမ်းထိပ်မှာ နယ်ထိန်းတွေ အသင့်အနေအထားနဲ့ရှိနေကြတာကို ရှောင်ကွင်းပြီး ကျမတို့ရှိမယ်အထင်နဲ့ အိမ်ကို တိတ်တဆိတ်ဝင်လာခဲ့ကြပါတယ်။ ဒါပေမယ့် အဖေ့ရဲ့ လျင်မြန်ဖြတ်လတ်မှုကြောင့်ပဲ အိမ်ထဲမှာ ကျမတို့ မရှိတာကို အချိန်မီသိလိုက်တယ်။ အဲဒိနောက် ခြံဝိုင်းထဲက ပြန်ထွက်ခဲ့ကြပြီး စက်မှုဇုံ ၄လမ်းဘက်ကို ဆိုင်ကယ်လှည့်အထွက်မှာ အသင့်စောင့်နေကြသူတွေနဲ့ အိမ်ထဲက အစောင့်ရဲသားတွေ သတိထားမိသွားကြတာဖြစ်မယ်။ စက်မှုဇုံ၎လမ်းနဲ့ စက်မှုဇုံ၃ လမ်းထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး အတော်စည်ကားသွားဆိုပဲ။
နောက်ဆုံး ဘယ်လိုမှ ဖောက်ထွက်လို့မရတဲ့အနေအထား ရောက်လာတော့မှ အရေးမကြီးတဲ့ စာရွတ်စာတမ်းတချို့နဲ့ ဆိုင်ကယ်ကိုထားခဲ့ပြီး အဖေနဲ့ဦးဇင်းတို့ လယ်ကွင်းတွေဖြတ်၊ ဆူးချုံတွေကိုကျော် ရွာတွေကို မသိမသာဖြတ်နဲ့ ညလုံးပေါက်ခရီးနှင်ကြရတော့တာ။