မဲပေးနိုင်ရန် နယ်ဝေးသို့ ပြေးဆွဲနေသော လိုင်းကားများ ရပ်နား

မဲပေးနိုင်ရန် နယ်ဝေးသို့ ပြေးဆွဲနေသော လိုင်းကားများ ရပ်နား
by -
ဒေလီထက်

ကရင်နီပြည် လွိုင်ကော်မြို့အတွင်းမှ နယ်ဝေးဒေသဘက်သို့ ပြေးဆွဲနေသည့် လိုင်းကားများအား ယမာန်နေ့မှ စတင်ပြီး ရပ်နားထား သည်ဟု လွိုင်ကော်ဒေသခံများက ပြော....

ကရင်နီပြည် လွိုင်ကော်မြို့အတွင်းမှ နယ်ဝေးဒေသဘက်သို့ ပြေးဆွဲနေသည့် လိုင်းကားများအား ယမာန်နေ့မှ စတင်ပြီး ရပ်နားထား သည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။

ဘောလခဲ၊ ဖာဆောင်း၊ မော်ချီး၊ မယ်စဲ့၊ ဟိုယာနှင့် ယာဒို စသည့် နယ်ဝေးကျေးရွာ ဘက်ကို ပြေးဆွဲနေသည့် လိုင်းကားများအား လွိုင်ကော် ဒကစမှူးနှင့် မြို့နယ်တာဝန်ခံများက ၄ ရက်ကြာ ရပ်နားထားရန် ညွန်ကြားလိုက်ခြင်းဖြစ်သည်။   

ယခုလို လိုင်းကားများ ရပ်နားထားရခြင်းမှာ မြို့တွင်းမှ ဒေသခံများ မြို့ပြင်ထွက်မသွားရန် ဖြစ်သည်ဟု ပြောကြပါသည်။   

“မဲပေးမယ့်လူက သူ့အိမ်ကိုသူရှိနေရမှာပေါ့ အပြင်ထွက်လို့မရဘူး။ မဲပေးတဲ့နေ့ကြရင် အိမ်မှာရှိနေဖို့ နောက်ပြီးမှ မဲရုံကိုသွားနိုင်ဖို့ပေါ့။ အ၀င်ရတယ်။ အထွက်မရဘူးပေါ့။ အထွက်မရဘူးဆိုတာက လွိုင်ကော်ကနေ ဖာဆောင်းသွားလို့လည်း မရဘူး။ ဖရူဆိုသွားလို့မရဘူး အဲလိုမျိုးပေါ့။ အ၀င်ပဲရတယ်” ဟု လွိုင်ကော်ဒေသခံ တဦးက ပြောသည်။  

၎င်းလိုင်းကားများ မရပ်နားထားခင်တွင် မော်ချီးဒေသဘက်နှင့် တောင်ပေါ်ကျေးရွာများအပြင် ရွာတိုင်းလိုလို တစ်အိမ်ထောင်လျှင် ဆန် ၂ အိတ်ဝန်းကျင်ခန့် ၀ယ်စုဆောင်းကြသည်ဟု ဒီးမော့ဆိုဒေသခံ တဦးက ပြောကြားသွားသည်။  

၎င်းက “ရွေးကောက်ပွဲအချိန်မှာဆိုရင် တကယ့်ဗမာပြည်တခုလုံးက အခြေအနေဆိုးလာမယ်။ သပိတ်မှောက်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရိက္ခာတွေကို ၀ယ်ယူစုဆောင်းနေကြတယ်” ဟုပြောသည်။

ထို့အပြင် နယ်စပ်ဂိတ်များအားလုံး ပိတ်ထားသည်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခူးဒယ်နီယာက ပြောပါသည်။

“နယ်စပ်ဂိတ်တွေအားလုံးပိတ်တယ်။ အပြင်ထွက်လို့မရဘူး။ ဖာဆောင်းကနေ ဒီကို(ထိုင်းနိုင်ငံ) တက်လာလို့မရဘူး။ ဒါပေမယ့် ဟွေ့ပူကဲကနေ ဖာဆောင်းဖက်ကိုတော့ ဘယ်သူမဆို ဆင်းလို့ရတယ်။ လက်မှတ်ရှိရှိ၊ မရှိရှိ ဆင်းလို့ရတယ်” ဟု ပြောကြား သွားပါသည်။

ဟွေ့ပူကဲကျေးရွာသည် ထိုင်း-ကရင်နီနယ်စပ် အနီးတွင်ရှိသော ကယန်းကျေးရွာတရွာ ဖြစ်သည်။

 

 

 

 

 

Most read this week