ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းအမျိုးသားပါတီက အစိုးရ ဝန်ထမ်းများ ကြိုတင်မဲ ပေးခြင်း မပြုလုပ်ရန် နိုဝင်ဘာလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ စာတင်....
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းအမျိုးသားပါတီက အစိုးရ ဝန်ထမ်းများ ကြိုတင်မဲ ပေးခြင်း မပြုလုပ်ရန် နိုဝင်ဘာလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ စာတင်သည်ဟု သိရသည်။
“ကြိုတင်မဲ ပေးခြင်းကို ဆက်မလုပ်ဖို့ မြို့နယ်ကော်မရှင်ကို ကျတော်တို့ စာရေးတောင်းဆိုတယ်။ မိတ္တူကို ခရိုင်နဲ့ ပြည်နယ်ကို ပေးတယ်” ဟု ဟားခါးမြို့ စီအဲန်ပီ လူကြီး တစ်ဦးက ခိုနူမ်းထုန်ကို ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ကော်မရှင်က အကောင်အထည် ဖော်မှု ရှိမရှိကိုမူ မသိရသေးချေ။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့၊ ဈေးဟောင်း ရပ်ကွက်ကော်မရှင်က ပြည်နယ်စာရေးရုံးမှာ စာရေးရုံးဝန်ထမ်းများနဲ့ ဆောက်လုပ်ရေး ဝန်ထမ်းများ၊ မြို့သစ် ရပ်ကွက် ကော်မရှင်က ပြည်နယ်ထွေအုပ်ရုံးမှာ ရုံးဝန်ထမ်းများနှင့် စိုက်ပျိုးရေး ဝန်ထမ်းတွေကို ကြိုတင်မဲထည့်ခိုင်းခြင်း ဖြစ်သည်။
“ကျတော်တို့ကတော့ ရယကက ပေးပါဆိုလို့ သွားပေးတာပဲ။ သူတို့ ပြောတာတော့ တကယ့် ရွေးကောက်ပွဲနေ့မှာ လူတွေ တအား များမှာမို့လို့ ကြိုပြီးတော့ ပေးခိုင်းတာလို့ ပြောကြတယ်” ဟု ပြည်နယ်စိုက်ပျိုးရေး ဝန်ထမ်း တစ်ဦးက ပြောသည်။
မဲထည့်ရာတွင် မိမိဆန္ဒအတိုင်း မိမိကြိုက်သည့် ပါတီကို မဲပေးခွင့် ရှိကြောင်း၊ အာဏာပိုင်များက မည်သည့် ပါတီကို မဲပေးရန် တိုက်တွန်းမှု မရှိကြောင်း အဆိုပါ စိုက်ပျိုးရေး ဝန်ထမ်းက ဆက်ပြောသည်။
နိုဝင်ဘာ ၇ ရက်မှာ မဲပေးသူနည်းသွားမှာ စိုးလို့ ခုလိုကြိုတင်ပေးခိုင်းတာ ဖြစ်ကြောင်း၊ အမှန်ဆိုယင် မဲပေးသည့်နေ့မှာ မပါဝင်နိုင်မည့် သူတွေကို ကြိုတင်မဲ ပေးဖို့ ကော်မရှင်က ပြောထားတာ ဖြစ်ကြောင်း ဒေသခံပြည်သူတွေက ပြောကြသည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ် မြို့သစ်မှာလည်း မဲရုံတာဝန်အတွက် နယ်များတွင် တာဝန်ကျသည့် အစိုးရ ဝန်ထမ်းများကို နိုဝင်ဘာလဆန်းပိုင်းက စ၍ ကြိုတင်မဲ ထည့်ခိုင်းသည်ဟု သိရပါသည်။