ယခုတပါတ်အတွင်း သျှမ်းပြည်တပ်မတော်နှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲ ၃ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းသို့ နအဖ တပ်အင်အားများ ဖြည့်တင်းနေ.....
ယခုတပါတ်အတွင်း သျှမ်းပြည်တပ်မတော်နှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲ ၃ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းသို့ နအဖ တပ်အင်အားများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရ၏။
အောက်တိုဘာလကုန် ၃၁ ရက် မိုင်းကိုင်မြို့နယ် မိုင်းယွန်း အုပ်စု တောင်ဘက် ၃ မိုင် အကွာ၌ သျှမ်းပြည်တပ်မတော်နှင့် နအဖ စစ်တပ် ခမရ ၅၁၀ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေး၏။ နအဖ စစ်တပ်မှ စစ်ဗိုလ် တဦး၊ တပ်ကြပ်ကြီး တဦး၊ တပ်ကြပ် ၃ ဦးနှင့် ရဲဘော်တဦး စုစုပေါင်း ၆ ယောက် သေကာ ဒဏ်ရာရသူလည်း များပြားကြောင်း မိုင်းကိုင်ဒေသခံ ပြောပြသည်။
ယခုလ ၂ ရက် မိုးနဲမြို့ မိုက်ဟိုင်းအုပ်စု နောင်ခမ်းရွာအနီး စစ်ကြောင်း လှည့်သော ခမရ ၅၁၈ နှင့် သျှမ်းပြည်တပ်မတော် အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်ရောက် မိုးနဲမှ ကုန်သည် တဦးက ပြောသည်။
“ညနေ ၅ နာရီ ၁၅ မိနစ်ကနေ ၆ နာရီအထိ တိုက်ကြတယ်။ ဗမာစစ်သား ၁ ယောက်သေ ၂ ယောက် ဒဏ်ရာရတယ်။ သေတာက ရဲဘော်ရာဇာလင်းတဲ့ ၊ ဒဏ်ရာရတာက ရဲဘော်ဇော်မင်းဦးနဲ့ မင်းမဟာတဲ့။ ဒဏ်ရာပြင်းတော့ မိုးနဲ ဆေးရုံကို ပို့ရတယ်။ သျှမ်းဘက်လဲ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ကြားရတယ်” ဟု ဆို၏။
၁ ရက်နေ့ကလည်း မိုင်းကိုင်မြို့နယ် မိုင်းယွန်းရွာနှင့် နောင်ဝိုးရွာအနီး ခလရ ၂၉၂ အား သျှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်ရာ နာရီဝက်ခန့် ပစ်ခတ်ခဲ့ကြပြီး နအဖတပ်သား တဦး ဒဏ်ရာရသည်ဟုလည်း မိုင်းကိုင်ဒေသခံ တဦးက ပြောသည်။
ယခုလ ၃ ရက် တရုပ်စစ်ကား ( ၆ ဘီးကား) ၁၂ စီး ရိက္ခာအပြည့်၊ စစ်သားအပြည့် တင်ဆောင်သည့် တပ်မ ၉၉ က မန္တလေးဖက်မှ သျှမ်းပြည်မြောက်ပိုင်း လားရှိုးဘက် တက်သွားသည်ဟု လားရှိုးမှ လာသော သတင်းများအရ သိရသည်။ ထိုနေ့က နောင်ချိုမှ လားရှိုး- မူဆယ်အထိ လမ်းတလျှောက်၌ လုံခြုံရေး ထူထပ်စွာ ချထားသည်ကို တွေ့ရကြောင်း မူဆယ်-မန္တလေး ကားသမား တဦးက ပြောပြသည်။