စစ်ဗိုလ်နှစ်ဦး သေနတ်ပစ်ပြိုင်ရာမှ အမျိုးသမီးတဦးအား ထိမှန်

စစ်ဗိုလ်နှစ်ဦး သေနတ်ပစ်ပြိုင်ရာမှ အမျိုးသမီးတဦးအား ထိမှန်
by -
ကို၂ (ကန္တာရ၀တီတိုင်း(မ်)

မြန်မာစစ်အစိုးရစစ်ဗိုလ်နှစ်ဦး သေနတ်ပစ်ပြိုင်ရာမှ ကရင်နီအမျိုးသမီးတစ်ဦး၏ ခြေထောက်အား မတော်တဆထိမှန်၍ အခင်း ဖြစ်ပွားမှုအား အထက်အရာရှိများ မသိစေရန် နှုတ်ပိတ်ထား....

မြန်မာစစ်အစိုးရစစ်ဗိုလ်နှစ်ဦး သေနတ်ပစ်ပြိုင်ရာမှ ကရင်နီအမျိုးသမီးတစ်ဦး၏ ခြေထောက်အား မတော်တဆထိမှန်၍ အခင်း ဖြစ်ပွားမှုအား အထက်အရာရှိများ မသိစေရန် နှုတ်ပိတ်ထားကြောင်း သိရသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုး ကျေးရွာမှာ အခြေစိုက်ထားသည့် စစ်အစိုးရ ခမရ ၄၂၇ စစ်တပ်မှ သုံးပွင့်ရာထူးရှိ ဗိုလ်ကျော်သူနှင့် ဗိုလ်ရွှေလင်းအောင်တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် အပြိုင်အဆိုင် သေနတ်ပစ်ပြိုင်ကြရာ အသက် ၂၈ နှစ်အရွယ်ရှိအရွယ်ရှိ မော်မိုးဘူး၏ ဘယ်ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဒါဏ်ရာရရှိသွားခဲ့သည့် ကရင်နီအမျိုးသမီးတစ်ဦးအတွက် ၎င်းစစ်ဗိုလ်မှ တာဝန်ယူကာ ဆေးကုသ ပေးမည်ဟု ပြောဆိုပေမဲ့ အခင်းဖြစ်ပွားမှုကို အထက်သို့မတင်ပြရန် နှုတ်ပိတ်ထားသည်ဟု အဖြစ်အပျက်အား သိရှိထားသော ဒေသခံများက ပြောသည်။

“တာဝန်ယူ ကုသပေးမယ်၊ အထက်က အရာရှိတွေဆီကိုတော့ မတိုင်ကြားနဲ့ပေါ့လို့ ပြောတယ်။ ရွာသားတွေလည်း မတိုင်နဲ့ဆိုတော့ မတိုင်ရဲကြဘူးလေ တမျိုးမျိုးတော့ ခြိမ်းခြောက်ထားတာ ရှိမှာပေါ့” ဟု ဒီးမော့ဆိုမြို့ခံတစ်ဦးက ပြောသည်။

“သူတို့တကယ်ပဲ ဒါဏ်ရာ ပျောက်သွားတဲ့အထိ ဆေးကုသပေးမှာလား။ မဟုတ်ရင် သူများတွေက သူတို့ (စစ်ဗိုလ်)တွေရဲ့နေရာကို ကြောက်လို့ သူတို့ပြောတဲ့စကားအတိုင်း ခေါင်းငြိတ်ပေးနေတာလားတော့ မပြောတတ်ဘူး” ဟု ဆက်ပြောသည်။

အထက်အရာရှိများ သိရှိသွားခဲ့လျှင် ထိုစစ်ဗိုလ် ၂ ဦးမှ ရာထူးပြုတ်သွားသည့်အထိ ဖိအားပေးမှုများ ခံရဖွယ်ရှိကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မ ဒါရိုက်တာ ခူးဖဲဘူးက ပြောသည်။

၎င်းက “အထက်အရာရှိဆီ တိုင်ကြားမယ်ဆိုရင် သူတို့ ရာထူးရာခံတွေ ထိခိုက်နိုင်တယ်။ အပစ်ပေးအရေးယူမှုတွေလည်း ခံရနိုင် တာပေါ့။ အလုပ်တွေ ပြုတ်သွားနိုင်တယ်။ ဒါကြောင့် အထက်က အရာရှိတွေ မသိအောင်ဆိုပြီး သူတို့က ဒီအခင်းနဲ့ပတ်သက်ပြီး ဖုံးကွယ် ထားတာ ဖြစ်တယ်” ဟု ပြောသည်။

 

 

 

 

 

 

Most read this week