မူးယစ်ရာဇာ USDP ပြည်နယ် လွှတ်တော် အမတ်လောင်း ပိုက်ဆံသန်းချီ စွန့်ကြဲမဲဆွယ်

မူးယစ်ရာဇာ USDP ပြည်နယ် လွှတ်တော် အမတ်လောင်း ပိုက်ဆံသန်းချီ စွန့်ကြဲမဲဆွယ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မဲဆန္ဒနယ် အမှတ် ၂  ပြည်နယ်လွှတ်တော် အမတ်လောင်း ၀င်ပြိုင်မည့် လက်သစ်မူးယစ်ရာဇာ အမည်ရ ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်နှင့် အဖွဲ့ လူသူလက်နက် စစ်ဝတ်စုံ အပြည့်ဖြင့် စည်းရုံးရေး ဆင်းပြီး တရုတ်နယ်စပ် ကျေးလက်လူထုအား ပိုက်ဆံ ကျပ်သန်းချီ စွန့်ကြဲနေ....

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မဲဆန္ဒနယ် အမှတ် ၂  ပြည်နယ်လွှတ်တော် အမတ်လောင်း ၀င်ပြိုင်မည့် လက်သစ်မူးယစ်ရာဇာ အမည်ရ ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်နှင့် အဖွဲ့ လူသူလက်နက် စစ်ဝတ်စုံ အပြည့်ဖြင့် စည်းရုံးရေး ဆင်းပြီး တရုတ်နယ်စပ် ကျေးလက်လူထုအား ပိုက်ဆံ ကျပ်သန်းချီ စွန့်ကြဲနေကြောင်း စုံစမ်းသိရှိရပါသည်။

kyaw-myintယခု ၃-၄ ရက်အတွင်း ရွှေလီမြစ်မြောက်ဘက် နောင်တိန်းရွာ၌ စည်းရုံးရေး ဆင်းစဉ်  ဦးကျော်မြင့် (Li Youngqiang) ကိုယ်တိုင် “ကျနော်တို့မှာ စစ်အင်အား ငွေအင်အား ရှိတယ်။ လူထု လိုအပ် တာ ကျနော်တို့ လုပ်ပေးနိုင်တယ်။ ကျန်းမာရေး ပညာရေး ဘာမဆို လုပ်ပေးနိုင်တယ်” ဟု ပြောဆိုရာ ဒေသခံလူထု အချို့က “စစ်အင်အားပြ ခြိမ်းခြောက်ပြီး ပိုက်ဆံပေး မဲဝယ်တာဘဲ” ဟု တီးတိုး ညီးတွားနေကြကြောင်း ဒေသခံတဦးက ပြောသည်။    

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် နောင်တိန်းရွာက ဘုန်းကြီးကျောင်းသို့ ကျေးလက်လူထု စုဝေးစေပြီး USDP အား မဲပေးရန် တယောက် ကျပ်ငွေ ၂၀၀၀ ပေးခဲ့ကြောင်း၊ ရွာသား ၁၅ ယောက်သာ တက်ရောက် နားထောင်ကြောင်း၊ ဘုန်းကြီးကျောင်း အတွက်လည်း ကျပ်နှစ်သိန်း လှူကြောင်း၊ နိုဝင်ဘာ ၁ ရက်တွင်လည်း ဟတ်ဟင် ရွာဘက် သွားစည်းရုံးရာ ရွာရံပုံငွေ ကျပ် သုံးသိန်းနှင့် တက်ရောက် နားထောင်သူ (၃၀ ယောက်ခန့်အား) တယောက် ကျပ်၂၀၀၀ ပေးကြောင်း အမည်မဖေါ်လိုသူ ပိုက်ဆံရ ဒေသခံ တဦးက ပြောပါသည်။

၂၈/၁၀/၂၀၁၀ ကလည်း ကွန်ဟိုင်းရွာအတွက် ထို့နည်းတူ ပိုက်ဆံ ဝေကြောင်း၊ ၂၆/၁၀/၂၀၁၀ ရက် မန့်မဲင်ရွာ၌ စည်းရုံးစဉ် တက်ရောက်သူ ၁၇ ယောက်အား ကျပ် ၁ သောင်းစီ၊ ၂၀/၁၀/၂၀၁၀ ရက် မန့်ဆွမ်းရွာ၌ တက်ရောက်နားထောင်သူ ၁၀ ယောက်အား ကျပ် ၁ သောင်းစီနှင့် ရွာရံပုံငွေ ၁ သိန်း ချီးမြှင့်ကြောင်း၊ နမ့်ခမ်း မြို့နယ် ရွှေလီမြစ် တဘက်ကမ်း တရုတ်နယ်စပ် သျှမ်းရွာ ၁၃ ရွာအား စည်းရုံးရေး ဆင်းမဲဝယ်ခြင်း ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူ နမ့်ခမ်း ခေတ်ပညာတတ်လူငယ် တဦးက ပြောပြသည်။ နောင်တိန်း၊ ဟတ်ဟင်၊ကွန်ဟိုင်း ၃ ရွာစလုံး ဘုန်းကြီးကျောင်းဇရပ်တွင် စည်းရုံးဟောပြောပွဲလုပ်ကြောင်းလည်း သိရ၏။

နမ့်ခမ်းဒေသခံများ၏ ဘိုးစဉ်ဘောင်ဆက်ရိုးရာ ပွဲဆောင်းဆာမ် (၀ါကျွတ်ဘုန်းကြီးကျောင်း ကန်တော့ပွဲ) အား လုံခြုံရေး တာဝန်မယူ ပေးနိုင်ဟု ဆိုကာ မယက ရုံးက ပွဲမိန့်ချမပေးသော်လည်း၊ ကျော်မြင့်တို့ အဖွဲ့မှာမူ နမ့်ခမ်း အထက ကျောင်းရံပုံငွေအတွက်ဟု ဆိုကာ ၃၁/၁၀/၂၀၁၀ ရက်တွင် စတိတ်ရှိုးဖြင့် အောင်ဘာလေသိန်းထီရောင်းပွဲ ကြီးကြီးကျယ်ကျယ် ကျင်းပကြောင်း နမ့်ခမ်းမြို့သူ တဦးက ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ဦးကျော်မြင့်က အထက ကျောင်းရံပုံငွေအတွက် ကျပ် ၅ သန်း လှူတယ်လေ။ ဒါကြောင့် ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ စတိတ်ရှိုး လုပ်နိုင်တာပေါ့။ ရိုးရာပွဲ ဆောင်းဆာမ်ကျတော့ ပေးမလုပ်ဘူး၊ သွယ်ဝိုက်နည်းနဲ့ ခြိမ်းခြောက်သေးတယ်”  

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ကျားဖြူပါတီကို ထောက်ခံအားပေးသည့် ရွှေလီမြစ် မြောက်ဘက်ခြမ်း သျှမ်းရွာ ၁၃ ရွာစလုံးအား လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲရုံထားပေမည် မဟုတ်ဘဲ နမ့်ခမ်းမြို့သို့ မဲသွားပေးခိုင်းမည်ဟု ကြားနေရကြောင်း “အဲဘက်က တရွာပျှမ်းမျှ အိမ်ထောင်စု ၁၀၀၊ မဲပေးခွင့်ရှိသူ စုစုပေါင်း အယောက် ၄၀၀၀ လောက် ရှိတယ်” ဟု ရွှေလီမြစ်ဝှမ်း သျှမ်းဒေသခံတဦးက ပြောပြသည်။

ဦးကျော်မြင့်တို့ ကြံ့ဖွံ့ပါတီမဲဝယ်စည်းရုံးမှုကြောင့် ဒေသခံများအကြား အုပ်စု ၂ စု ကွဲနေပြီး “သူတို့ ပေးရင်တော့ ယူမှာဘဲ။ မဲထဲ့ချိန်မှ ကိုယ်ထဲ့ ချင်တာထဲ့မှာပေါ့။ ဘယ်သူမြင်နိုင်မှာမို့လို့လဲ” ဟု ဆိုသူများရှိကြသကဲ့သို့ အချို့ကလည်း “ကူညီစွန့်ကြဲသူကိုဘဲ မဲပေးမှာပေါ့” ဟု ဆိုသူများလည်း ရှိကြောင်း ပြောဆိုနေကြပါသည်။

“၂ ရက်နေ့ကဘဲ ကျော်မြင့် စည်းရုံးရေးအဖွဲ့ မူဆယ်ကနေ နမ့်ခမ်းကို ကား ၄ စီးနဲ့ ချီတက်တယ်။ သေနတ် တကားကားနဲ့ ပြည်သူ့စစ် ၀တ်စုံအပြည့်၊ ကြံ့ဖွတ်ပါတီ ၀တ်စုံ အပြည့်နဲ့ ကားမှာလဲ V-9 စည်းရုံးရေး ပိုစတာ အကြီးကြီးနဲ့” ဟု မူဆယ်မြို့ခံတဦးက ပြောသည်။

နမ့်ခမ်းမြို့ မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် အမတ်လောင်း/ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၏ စည်းရုံးရေး လက်ကမ်းစာစောင်ပါ ၎င်း၏ ကိုယ်ရေးသမိုင်း၌ ဆယ်တန်းအောင်ဟု လိမ်ညာရေးသားထားကြောင်း၊ အမှန်မှာ ၄ တန်းသာ ဖြစ်ကြောင်း ၎င်းနှင့် သိကျွမ်းသည့် လူလတ်ပိုင်းတဦးကပင် ထောက်ပြသေးသည်။

နမ့်ခမ်းမြို့ ပန်းဆေး ကျော်မြင့်ကဲ့သို့ပင် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ အမျိုးသားလွတ်တော်အဆင့် ၀င်ပြိုင်မည့် အသက် ၆၅ နှစ်အရွယ် ဦးခွန်လိုင်ဆိုလျှင်လည်း မန့်ပန်ဌာနေပြည်သူ့စစ် ခေါင်းဆောင် မူးယစ်ရာဇာ ဗိုလ်မွန်း၏ လက်ထောက် ဖြစ်ပြီး တန့်ယန်းမြို့ ပြည်ခိုင်ဖြိုး ရေးပါတီ ဥက္ကဌလည်း ဖြစ်၏။ ၎င်းအား ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်အောင် သန်းထွတ် ကိုယ်တိုင် မိုင်းရှူးမှ ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီးမြို့နယ် EC စဖွဲ့ကတည်းကပင် တန့်ယန်းကြံ့ဖွတ်အတွက် ကျပ် ၂၀ သန်း လွှဲပေးခဲ့ကြောင်း  စုံစမ်းသိရှိရ၏။