မီးရထား ဒုဝန်ကြီး ဦးဖေသန်း ကြံ့ဖွံ့ ကိုယ်စားလှယ်အဖြစ်မှ အပယ်ခံရ

မီးရထား ဒုဝန်ကြီး ဦးဖေသန်း ကြံ့ဖွံ့ ကိုယ်စားလှယ်အဖြစ်မှ အပယ်ခံရ
by -
ဆူးပန်

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မီးရထား ဒုတိယ၀န်ကြီး ဦးဖေသန်း ...

ဆူးပန်း(နိုဝင်ဘာ-၃)။ ။မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ပါဝင်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မီးရထား ဒုတိယ၀န်ကြီး ဦးဖေသန်းသည် ဧည့်နိုင်ငံသားဥပဒေနှင့် ညိစွန်းခဲ့၍ ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ဖျက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။

"ကျွန်တော်သိသလောက်တော့ သူ့အဖေက ကုလား သူအမေက မွန်ပြည်နယ်ဇင်းကျိုက်ကဘဲ။ ဒါပေမဲ့ သူဟာ ဧည့်နိုင်ငံသား စာရင်းဝင်နေတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ညိစွန်းလို့ ပယ်လိုက်တာဘဲထင်တယ်။ သူကနေ အယူခံ မ၀င်တော့ဘဲနဲ့ နေပြည်တော်ကို တန်းပြန်သွားတယ်။"

ယခုအခါ ဦးဖေသန်းသည် နေပြည်တော်၌ ရုံးထိုင်နေပြီး ကိုယ်စားလှယ်လောင်းအဖြစ် အပါယ်ခံရသည့် အပေါ် စိတ်ပျက်မှု ရှိနေသည်ဟု ရန်ကုန်မြို့ရှိ မီးရထား အရာရှိတစ်ဦးမှ ယခုလို ပြောပါသည်။

"အခုကျွန်တော်တို့ဆရာ တကယ့်ကို စိတ်ဓါတ်ကျနေတယ်။ သူ့ဟာဧည့်နိုင်ငံသားစာရင်းရှိပေမဲ့ နိုင်ငံတော် အတွက်သူပေးဆပ်ခဲ့တာအများကြီး။ အခုခေတ်မှာအခုရောက်လာတဲ့ကုလားတွေ တရုတ်တွေတောင် ပိုက်ဆံ များများပေးရင် နိုင်ငံသားစီစစ်ရေးကာဒ်ရ နိုင်ငံသားဖြစ်နေတာဘဲ၊ သူ့အနေနဲ့ ဧည့်နိုင်ငံသားတစ်ဦးဘဲ ဖြစ်နေလို့အပယ်ခံရတယ်။ ဒီသတင်းကြားတော့ အံ့သြတယ်ဗျာ။ ယုံကိုမယုံနိုင်ဘူး။ နောက်ဆုံးကြားရတဲ့ သတင်းတခုက သူ့ကိုတနင်္သာရီတိုင်းဘက်မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အရွေးခံခိုင်းမယ်လို့ ပြောသံကြား တယ်။ ဒါပေမဲ့ သူပါဝင်အရွေးမခံတော့ဘူးလို့တော့ပြောတယ်။"

ဦးဖေသန်းနှင့်နီးစပ်သူ ပေါင်မြို့နယ်ဇင်းကျိုက်ကျေးရွာဇာတိ မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးမှ စစ်အစိုးရ လက်အောက်ဝန်ထမ်းများအနေနှင့် အာမခံချက်မရှိကြောင်းအခုလိုပြောခဲ့ပါသည်။

"ဦးဖေသန်းအနေနဲ့ ကပြားစပ်ဆိုပေမဲ့ မွန်ပြည်နယ်အပေါ်မှာ သံယောဇဉ်ရှိတယ်။ သူ့ကိုသူမွန်လူမျိုး အဖြစ်ဘဲခံယူထားတယ်။ ကျွန်တော်တို့မွန်ပြည်သစ်အပစ်ခတ်ရပ်ဆဲခဲ့တဲ့တချိန်လုံးမှာ သူတတ်နိုင်တဲ့ဘက်က အကူအညီအများကြီးပေးခဲ့တယ်။ အခုဒီသတင်းကြားရတော့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ စစ်အစိုးရ အနေနဲ့က လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလုပ်တတ်တယ်လေ။ ဘာမှအာမခံချက်မရှိနိုင်ဘူးလို့ဘဲပြောချင်ပါတယ်။"

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရသော်လည်း ရွေးကောက်ပွဲကော်မရှင်ထံအယူခံ ၀င်ခြင်းမပြုတော့ဘဲ နေပြည်တော်ရုံး၌သာ ရှိနေသည်ဟု ၄င်းနှင့်နီးစပ်သူ မီးရထားရုံးအရာရှိတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလဒုတိယအပါတ်လောက်တွင် ချင်းပြည်နယ် ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဖြစ်သူ ဟားခါးမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ပူးငွန်ဟရမ်းတို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်မှုနှင့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ဘူးသည်။ သို့ရာတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အယူခံဝင်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှပြန်လည်စီစစ်ပြီး ပြန်လည်အရွေးခံခွင့်ပြုခဲ့သည်။