မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး အခက်ကြုံနေ

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး အခက်ကြုံနေ
by -
မင်းထက်အောင်

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး အခက်ကြုံနေရကြောင်း ယင်းပါတီ၏ ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြော....

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး အခက်ကြုံနေရကြောင်း ယင်းပါတီ၏ ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

AMRDP_Candidateရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီများ အနေဖြင့် အသံချဲ့စက်၊ ဆောင်းဘောက်များ တပ်ဆင်ပြီး မော်တော်ကားများဖြင့် လှည့်လည်မဲဆွယ်ခြင်း မပြုလုပ်ရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသို့ နှုတ်မိန့်ဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဆီ ကိုယ်တိုင် သွားတွေ့ခဲ့ပါတယ်၊ ဒီတားမြစ်ချက်အမိန့် ညွှန်ကြားလွှာကို တောင်းတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူတို့ဆီ ဖုံးနဲ့ ညွှန်ကြားလာတာ ဖြစ်တဲ့အတွက် အမိန့်စာကိုတော့ ထုတ်မပေးနိုင်ဘူးလို့ ပြောတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

သို့ရာတွင် အခြားနယ်မြို့ကျေးရွာများ၌ မော်တော်ကားများပေါ်တွင် အသံချဲ့ စက်များ တပ်ဆင်၍ မဲဆွယ်သီချင်းများ ဖွင့်လှစ်ခြင်း၊ ပါတီလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောခြင်းများ ယခင်အတိုင်း ဆက်လက် ပြုလုပ်နေသည်ဟု ရေးမြို့နယ်၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးမှူး တစ်ဦးထံမှ သိရသည်။

“ရွာတွေမှာဆိုရင် ကျနော်တို့ ပါတီပဲ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးနိုင်တာ၊ အခြားပါတီကျတော့ လူတစ်ယောက် နှစ်ယောက်ပဲ ရွာကို ရောက်လာပြီး တအိမ်တက်တအိမ်ဆင်း စာရွက်တွေ လိုက်ဝေတာပဲ ရှိတယ်” ဟု အဆိုပါ မွန်စည်းရုံးရေးမှူးက ပြောသည်။

မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီနှင့် အဓိက ပြိုင်ဖက်ပါတီများမှာ ယခင်မဆလဟောင်း တစညပါတီနှင့် စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ပြည်ခိုင်ဖြိုးပါတီ ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်နေသော အချို့မွန်လူငယ်များထံမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ထောက်ခံဆန္ဒမဲ ပေးရန် ကတိရရှိ ထားသည်ဟုလည်း မွန်စည်းရုံးရေးမှူးများထံမှတဆင့် သိရသည်။

“နယ်တွေမှာ အခြားပါတီတွေက စည်းရုံးရေး လုပ်တာ သိပ်အားမရဖြစ်လာတော့ မြို့တော်မှာ ကျနော်တို့ ပါတီ မဲမရအောင် ကျနော်တို့ ပါတီစည်းရုံးရေး ဆင်းတာကို ကားတို့ အသံချဲ့တို့ အသုံးမပြုဖို့ အကြပ်ကိုင်တာလည်း ဖြစ်နိုင်တယ်” ဟု နိုင်ငွေသိန်း ယူဆပြောဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့ပေါ် ရပ်ကွက် အသီးသီး၌ သက်ဆိုင်ရာ မွန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များနှင့်အတူ တစ်အိမ်တက်အိမ်ဆင်းလျှက် လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြသည်ဟုလည်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မော်လမြိုင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ နိုင်အောင်ချမ်းနှင့် နိုင်ခင်မောင် တို့သည် အမျိုးသားလွှတ်တော်၊ နိုင်လှခိုင်သည် ပြည်သူ့လွှတ်တော်၊ နိုင်စိုးသိန်းနှင့် နိုင်ကျန်ရစ်တို့က ပြည်နယ်လွှတ်တော် အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားသည်။

မွန်ပြည်နယ်အတွင်း (၂၉) ဦး၊ ကရင်ပြည်နယ်အတွင်း(၄) ဦး၊ တနင်္သာရီတိုင်းအတွင်း (၁) ဦး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ယင်းပါတီမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

 

 

 

 

 

Most read this week