သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ၁၊ ၃၊ ၄ တို့အား အစည်းအဝေး ခေါ်ကြိုတင်မဲ ပေးခိုင်းစဉ် မဲပေးသူများ ကိုယ်တိုင် မဲမခြစ်ရ...
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ၁၊ ၃၊ ၄ တို့အား အစည်းအဝေး ခေါ်ကြိုတင်မဲ ပေးခိုင်းစဉ် မဲပေးသူများ ကိုယ်တိုင် မဲမခြစ်ရကြောင်း သိန္နီမှ လာသော သတင်းအရ သိရသည်။
“ပြီးခဲ့တဲ့ စနေနေ့က စပြီးတော့ပေါ့။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ရပ်ကွက် ၁၊ ၃၊ ၄ က ၀န်ထမ်း၊ ကျောင်းသား၊ ကုန်သည် တွေကို ကြိုတင်မဲ ထဲည့်ခိုင်းနေတယ်။ မယက စာရေး နန်းထွေးထွေးလွင် ဆိုတဲ့ မိန်းကလေးကို မဲခြစ်ပေးခိုင်းတယ်။ ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ မဲတွေ ချည်းဘဲ ခြစ်ပေးတယ်။ ရပ်ကွက်သားတွေကတော့ သူခြစ်ပေးတဲ့ မဲလက်မှတ်ကို ကိုင်ပြီး ပုံးထဲသွားထဲ့ ရုံပေါ့ဗျာ” ဟု အမည်မဖော်လိုသည့် သိန္နီသား တဦးက ပြောသည်။
နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ကြိုတင်မဲပေးခိုင်းခြင်း ဖြစ်ပြီး သိန္နီမြို့ အခြေခံပညာ မူလတန်းကျောင်းတွင် မဲပေးခဲ့ရခြင်း ဖြစ်သည်ဟု ဆို၏။အဆိုပါ ကြိုတင်မဲ ပေးသူဦးရေ အယောက် ၁၂၀ တွင် တရုတ်လူမျိုးများလဲ ပါကြောင်း သိရ၏။
“သိန္နီမှာ ပြိုင်တဲ့ တခြားနိုင်ငံရေးပါတီတွေလဲ ဒီအကြောင်း သိတယ်။ ကျားဖြူပါတီဆိုရင် ဒီကိစ္စနဲ့ ပါတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားတိုင်တန်းတာဘဲ။ ဒါပေမယ့် အရေးယူတာဘာမှ မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တွေကဘဲ လုပ်ခိုင်းတာလေ” ဟု သိန္နီမှ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီ အနေဖြင့် စိုင်းခွန်ဆေက သိန္နီမြို့မှ ပြည်သူ့လွှတ်တော်၊ ဒေါက်တာ စိုင်းမောက်ခမ်းက အမျိုးသား လွှတ်တော်နှင့် မိုင်းပါး ဥက္ကဌ ဆရာစိုင်းစံအေး၊ စိုင်းစံညွန့်တို့က ပြည်နယ်လွှတ်တော်များအတွက် ၀င်ပြိုင်ကြမည် ဖြစ်သည်။
ကျားဖြူပါတီ အနေဖြင့်လည်း ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက သန္နီမြို့နယ်မှ ပြည်နယ်လွတ်တော်အမတ် မဲဆန္ဒ နယ်အမှတ် ၂ စိုင်းဝင်းမြင့်က ပြည်နယ်လွှတ်တော်အမတ် မဲဆန္ဒနယ်အမှတ် ၁ စိုင်းခမ်းလိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ နှင့် စိုင်းဝင်းခိုင်က ပြည်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ချင်းပြည်နယ်တွင်လည်း ရွေးကောက်ပွဲကာလအတွင်း တခြားနယ်သို့ မဲရုံစောင့်အဖြစ် တာဝန်ပေးခံရသည့် မြို့ပေါ်က အစိုးရ ၀န်ထမ်းများ နယ်မဆင်းမှီ ကြိုတင်မဲ ပေးခိုင်းရာ မိမိမဲပေးလိုသည့် ပါတီကို နှုတ်ဖြင့်သာ ပြောရမည်ဟု ဆိုသဖြင့် ၀န်ထမ်းများ အခက်တွေ့ကြရကြောင်း၊ နယ်စွန်နယ်ဖြားသို့ မဲပုံးသာရောက်ပြီး မဲပြားများ မရောက်သေးသဖြင့် ထိုသို့ နှုတ်ဖြင့်သာ ပြောရခြင်း ဖြစ်ကြောင်း၊ ကြိုတင်မဲစာရင်း၌ မဲပေးသူအမည်၊ အဘမည်၊ မှတ်ပုံတင် နံပါတ်ကိုလည်း ပြောခိုင်းကြောင်း ဘီအဲန်အိုင် သတင်း အစည်းအဝေးရောက် ခေါန်နုမ်ထူမ်သတင်းဌာနက ကိုဆန်းတဲက ပြောပါသည်။