လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစု ဝင်များကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံသားစီစစ်ရေး ကဒ်များ ပြုလုပ်ပေးနေ....
လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစု ဝင်များကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံသားစီစစ်ရေး ကဒ်များ ပြုလုပ်ပေးနေသည်ဟု တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။
တပ်မိသားစုဝင် နှစ်ရာ နီးပါးကို ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်တွင် မြို့နယ်လဝကအဖွဲ့မှ လူအင်အားစာရင်း၊ အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး မကြာမီ နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးတော့မည်ဟု အဆိုပါ တပ်ဖွဲ့ဝင် တစ်ဦးမှ ယခုလို ပြောပါ သည်။
“ကျွန်တော်တို့ တပ်ဖွဲ့တွေ အနေနဲ့ အခုကော့ယက္ခမှာ နဲနဲဘဲ ထားထားတယ်။ အခုကော့ ဘိန်းမှာ မှတ်ပုံတင် လာလုပ်နေရတယ်လေ။ လာမဲ့ ရွေးကောက်ပွဲမှာ မဲထဲ့ဖို့ အတွက်ပေါ့။ အခု ဓါတ်ပုံတွေ ရိုက်နေတယ်။ ပုံစံ (၁ဝ) ဖြည့်နေတယ်။”
ပြီးခဲ့သည့် အောက်တိုဘာ (၂၆) ရက်နေ့တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် လက်နက်အပ်နှံပွဲ ကျင်းပခဲ့ပြီး မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် (၁၂၅) ဦးနှင့် လက်နက် (၅ဝ) ကျော် လက်နက်ချခဲ့သည်။
အဆိုပါ လက်နက်အပ်နှံပွဲ အခမ်းအနားတွင် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း၊ အမှတ် (၄) က စထမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ အရှေ့တောင် တိုင်းတိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ ကရင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်း အပါအဝင် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်မှ မွန်ပြည်သစ်ပါတီ အနေနှင့် တပ်အသွင်ပြောင်းရေးကို လက်မခံသည့်အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သော်လည်း မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ အနေနှင့် ရွေးကောက်ပွဲကို ထောက်ခံသွားမှာ ဖြစ်သလို မဲပေးသွားမည်ဟု အစိုးရပိုင်သတင်းစာတွင် ဖေါ်ပြထားပါသည်။
လက်နက်ချ တပ်ဖွဲ့ဝင်နှင့် မိသားစုများ မဲပေးရန်အတွက် နိုင်ငံသား စီစစ်ရေး ကဒ်ကို ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။
သို့သော်လည်း မည်သည့် နိုင်ငံရေးပါတီကို မဲပေးရမည်ဟု ညွှန်ကြားလာခြင်း မရှိသေးဟု မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲပေးပိုင်ခွင့် ရှိသော လူဦးရေ စာရင်းကို တိုင်းနှင့် ပြည်နယ်အလိုက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့များကို နိုင်ငံသားစီစစ်ရေး ထပ်မံပြုလုပ်ပေးပြီး မဲဆန္ဒ ဦးရေ ထပ်မံတိုးချဲ့ပြုပေးခြင်းသည် ပြဌာန်းချက်ဥပဒေနှင့် ကိုက်ညီမှု မရှိသော်လည်း စစ်အာဏာပိုင်များ၏ သဘောအတိုင်း ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုပေး နေရသည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှ ပြောပါသည်။
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ကို (၂ဝဝ၈) နှစ်ကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီမှ အနားယူထားသော စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်မှ စစ်အစိုးရနှင့် နားလည်မှု ရယူကာ ဖွဲ့စည်းထားသည်။
တပ်အသွင် ပြောင်းလဲရေးကို လက်မခံသည့် မွန်ပြည်သစ်ပါတီကို မြန်မာစစ်အစိုးရမှ စစ်ရေးအရ တိုက်ခိုက်လာခဲ့လျှင် မွန်ပြည်သစ် ထိမ်းချုပ်နယ်မြေများကို ပြန်လည်ရယူရန်အတွက် ရည်ရွယ်ထားသည်ဟု မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးမှ ပြောပါသည်။
တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ် အောင်နိုင် ကွယ်လွန်သွားပြီးနောက် (၂ဝ၁ဝ) ခုနှစ် သြဂုတ်လတွင် လက်နက်ချရာ မညတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်မှ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
ယခုအခါ ကရင်ပြည်နယ်၊ ဖါးအံမြို့နယ်၊ ကော့ယက္ခ အထူးဒေသတွင် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ်ကို အခြေစိုက် ထားသည်။