တန့်ယန်း၌ ၀ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ အားကောင်း

တန့်ယန်း၌ ၀ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ အားကောင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် အခြားပါတီက WNUP ၀ ပါတီနှင့် အမှီလိုက်နိုင်ရန် ကြိုးစားယှဉ်ပြိုင် စည်းရုံးနေရကြောင်း စုံစမ်းသိရှိရ....

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် အခြားပါတီက WNUP ၀ ပါတီနှင့် အမှီလိုက်နိုင်ရန် ကြိုးစားယှဉ်ပြိုင် စည်းရုံးနေရကြောင်း စုံစမ်းသိရှိရသည်။

wnupseal-flag“၀အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး နိုင်တယ်။ ကျားဖြူပါတီတောင် သူ့ကို မမီဘူး။ ၀ လူမျိုးတွေ အနေထူထပ်တဲ့ မြို့ဆင်ခြေဖုံးမှာပေါ့။ ရွာတွေမှာတော့ ကြံ့ဖွံ့ပါတီက အာဏာပါဝါနဲ့ကိုး” ဟု တာချီလိတ်ရောက် ၀ အမျိုးသား တဦးက ပြော၏။

တန့်ယန်းမြို့ မြို့နယ်မှူး ပုလိပ်အရာရှိကလည်း ယခုလ ၂၆ ရက်က နောက် လိုက် အင်အား ၁၀ ယောက်ခန့်ဖြင့် တန့်ယန်းမှ မိုင်းကောင် နမ့်လောင်းအုပ်စု ဖြတ်သန်း၍ SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ တောင်ဟျိုး အုပ်စုဘက် ၀င်ကာ ရွေးကောက်ပွဲနေ့ ရောက်လျင် အသက် ၁၈ နှစ် အထက်မှတ်ပုံတင်ရှိသူအားလုံး (၁၀ မိုင် ကျော် ဝေးသည့်) မိုင်းကောင်သို့ မဲသွားပေးကြရမည်ဖြစ်ကြောင်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအား မဲပေးရန် တိုက်နယ်ဥက္ကဌအား ခေါ်ပြောကြောင်း ကြားသိရ၏။

“တပ်မဟာ ၁ ရဲ့ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး စိုင်းခေါင်ထိန်းချုပ်တဲ့ နယ်မြေပေါ့။ နိုဝင်ဘာ ၇ ရက် မဲပေးတဲ့ရက် ကျရင် အသက် ၁၈ နှစ် ပြည့်ပြီး သူတွေ မှတ်ပုံတင် ယူပြီး မဲသွားပေးကြပါ။ ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြ ပါလို့ တိုက်နယ်ဥက္ကဌကနေတဆင့်  တန့်ယန်းမယက ပြောခိုင်းတာ။ ဗိုလ်ကြီးစိုင်းခေါင်တို့လဲ ဘာမှ မပြောဘူး” ဟု မိုင်းကောင်ဝ် ဒေသခံတဦးက ပြော၏။

တန့်ယန်းမြို့နယ်မှူးအဖွဲ့အပေါ် တပ်မဟာ ၁ ကဟန့်တားခြင်းမပြုသကဲ့သို့ တိုက်နယ်ဥက္ကဌနှင့် ဒေသခံ များကိုလည်း သွား နားမထောင်ရ ဟူသည့် တားမြစ်ခြင်းမပြုဟုလည်း အဆိုပါ မိုင်းကောင်ဒေသခံက ဆက်ပြောသည်။

တန်းယန်းမြို့၌ ၀င်ပြိုင်သည့် နိုင်ငံရေးပါတီ ၄ ခု ရှိရာ WNUP ၀ ပါတီမှာ ပထမနေရာ ပြေးနေပြီး ကျန် USDP/ SNDP နှင့် NUP တို့မှာ အဆင့် ၂၊ ၃၊ ၄ ဖြစ်ကြသည်။