မွန်ရွာသားနှစ်ဦး သေနတ် ထိမှန်သေဆုံး

မွန်ရွာသားနှစ်ဦး သေနတ် ထိမှန်သေဆုံး
by -
မင်းချမ်း

ဇီးဖြူတောင်ထိပ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဘုရားသုံးဆူနယ်စပ်မြို့နယ်ခွဲ ကျုံမိပြင် ရွာသားနှစ်ဦးအား ယခုလ (၂၈) ရက်နေ့၌ ရွာသားများ သင်္ဂြိုလ်လိုက်ပြီ.....

ဇီးဖြူတောင်ထိပ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဘုရားသုံးဆူနယ်စပ်မြို့နယ်ခွဲ ကျုံမိပြင် ရွာသားနှစ်ဦးအား ယခုလ (၂၈) ရက်နေ့၌ ရွာသားများ သင်္ဂြိုလ်လိုက်ပြီဟု ရွာသားများထံမှ သိရသည်။

သေဆုံးသူ နှစ်ဦးမှာ နိုင်ယော့ (၃၅) နှစ်နှင့် မိဟကန်း (၃၀) နှစ် မောင်နှမတော်စပ်သူ နှစ်ဦး ဖြစ်ကြပြီး မွန်တိုင်းရင်းသားများ ဖြစ်သည်ဟု သိရသည်။

အဆိုပါ သေဆုံးနေသူ အလောင်းများကို ယခုလ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်း၌ ဇီးဖြူတောင်ထိပ်ရှိ ကားလမ်းဘေး၌ ရွာသားများ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးမှာ ထိုနေ့နံနက်ပိုင်း၌ မီးသွေးဖုတ်ရန် ဇီးဖြူတောင်ပေါ်သို့ တက်ရောက်လာခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

မည်သည့် အဖွဲ့အစည်း လက်ချက်ဟု တရားဝင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း အဆိုပါ ရွာသားများက ကေအဲန်ယူ လက်ချက် ဖြစ်နိုင်သည်ဟု ယူဆပြောဆိုကြသည်။

“သူတို့ နှစ်ယောက် အသတ်မခံရမီ မနေ့ကလိုပေါ့၊ ကေအဲန်ယူ တပ်ရင်း (၁၆) ခွဲ (၃) က တပ်စိပ်တစ်စိပ် ကျုံမိပြင်ရွာကို ဝင်လာတယ်၊ အနန်းကွင်းကနေ တက်လာတဲ့ ဗမာစစ်တပ်ကို ရွာအနီးကနေ ခြုံခိုပစ်ခတ်မယ်လို့ ပြောတော့ ရွာသားတွေက သူတို့ ရွာအနီး ပစ်ခတ် တာတွေ မလုပ်ဖို့ တောင်းပန်ကြတယ်၊ ဗမာစစ်တပ်နဲ့ ရွာအနီးမှာ တိုက်ပွဲ ဖြစ်ရင် ရွာပျက်သွားမှာပေါ့၊ ဒါနဲ့ သူတို့ကို အရက်တိုက်၊ ထမင်းကျွေး အတင်းတောင်းပန်ပြီး ညနေပိုင်းမှာ ဇီးဖြူတောင်ထိပ် ဂငယ်ကွေ့ကို ပို့လိုက်တယ်၊ ဇီးဖြူတောင်ပေါ်မှာ လက်နက်ကိုင်ဆိုလို့ ဒီတစ်ဖွဲ့ပဲ ရှိတယ်၊ အခြားအဖွဲ့တွေ မရှိဘူး”ဟု အမည်မဖေါ်လိုသော ရွာသားတစ်ဦး ပြောသည်။

အဆိုပါ ကေအဲန်ယူ တပ်ဖွဲ့သည် ထိုည၌ ဇီးဖြူတောင်ပေါ်၌ အိပ်ခဲ့သည်ဟု လိုက်လံပို့ဆောင်ပေးသော ရွာသားတစ်ဦးထံမှ သိရှိရသည်။

“ပစ်ခတ်သူတွေနဲ့ အပစ်ခံရသူ နှစ်ဦးက သိပ်မဝေးကြဘူး၊ အေကေကျည်ဆံခွံတွေ အများကြီး တွေ့ရတယ်၊ M-79 ဗုံးသီး အခွံ တစ်ခု လည်း တွေ့တယ်” ဟု အဆိုပါ ဖြစ်ရပ်ကို စုံစမ်းနေသော ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအရာရှိ တစ်ဦး ပြောသည်။

အဆိုပါ ဖြစ်ရပ် စုံစမ်းချက် ဓါတ်ပုံ (၃၀) ပုံထက်မနည်း မွန်ပြည်သစ်ပါတီမှ မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

ထိုပစ်ခတ်မှု ဖြစ်ပွားစဉ်တွင် ဇီးဖြူတောင်ခြေရင်း၌ ခမရ (၄၀၅) စစ်ကြောင်း (၁) အား အခြားကေအဲန်ယူ တပ်ဖွဲ့တစ်ဖွဲ့က ရှေ့ထွက် မိုင်းခွဲသဖြင့် မြန်မာစစ်ကြောင်းများ ပြန်လည်ပစ်ခတ်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ တပ်မဟာ (၆) ပြောခွင့်ရပုဂ္ဂိုလ် ဗဒိုစောထဲနေအား ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စအား သူတို့ မသိရကြောင်း ပြောသည်။

“ချောင်းဆုံရွာမှာ ရှိတဲ့ ဗမာစစ်ကြောင်း စစ်ကူလာမပေးနိုင်အောင် ကပ်တောင့် (Cut-out) တစ်ဖွဲ့ ချထားတယ်၊ တောင်အောက်က သေနတ်သံတွေ ကြားရတော့ ဒီကပ်တောင့် အဖွဲ့က နှင်းမကွဲတကွဲမှာ သူ့သတ်ကွင်းဝင်လာတဲ့ လှုပ်လှုပ်ရှားရှား အရာမှန်သမျှ မှားယွင်း ပစ်ခတ်နိုင်တယ်၊ နောက်သိတော့လည်း မထူးတော့ဘူးဆိုပြီး အသေပစ်သတ်လိုက်တဲ့ သဘော ဖြစ်နေတယ်” ဟု ဘုရားသုံးဆူဒေသရှိ မြန်မာစစ်ရေး အကဲခတ်နေသူ တစ်ဦး သုံးသပ်ပြောဆိုပါသည်။