ရန်ကုန်နှင့် နယ်များ အင်တာနက်လိုင်း နှေးကွေး

ရန်ကုန်နှင့် နယ်များ အင်တာနက်လိုင်း နှေးကွေး
by -
မြင့်မောင်

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ပိုင်းအလိုတွင် ရန်ကုန်နှင့် နယ်ဒေသများ၌ အများပြည်သူသုံး အင်တာနက် ဆက်သွယ်ရေးလိုင်းသည် ပြတ်တောက်မှုများကာ လာပြန်လျှင်လည်း နှေးကွေးနေကြောင်း အင်တာနက် ဆိုင်ရှင်များနှင့် သုံးစွဲသူများ ...

နယူးဒေလီ (မဇ္ဈိမ)။       ။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ပိုင်းအလိုတွင် ရန်ကုန်နှင့် နယ်ဒေသများ၌ အများပြည်သူသုံး အင်တာနက် ဆက်သွယ်ရေးလိုင်းသည် ပြတ်တောက်မှုများကာ လာပြန်လျှင်လည်း နှေးကွေးနေကြောင်း အင်တာနက် ဆိုင်ရှင်များနှင့် သုံးစွဲသူများ အဆိုအရ သိရသည်။

မြန်မာတပြည်လုံးသို့ ဖြန့်ဝေနေသည့် ADSL ၊ WiMax နှင့် ပုဂံနက် အင်တာနက်လိုင်းများမှာ လွန်ခဲ့သည့် ၃ ရက်မှစ၍ ၁၀ မိနစ်ခန့် လာလိုက်၊ နာရီဝက်ခန့် ပြုတ်ကျလိုက် ဖြစ်နေပြီး၊ နှေးကွေးနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

internet“ပုဂံနက်က ဘာမှ အကြောင်းကြားတာ မရှိဘူး။ လိုင်းက တက်လာလိုက်၊ ပြန်ပြုတ် လိုက်ပဲ။ လိုကယ်လိုင်းတွေက ရတယ်။ ကျန်လိုင်းတွေ တော်တော်များများ မရဘူး။ မြန်မာတိုင်းမ်တို့၊ People တို့ ဘာတို့ ရတယ်။ မေးလ်လည်း ဖွင့်လို့ရတဲ့အခါရှိသလို ပြန်ကျတာက ပိုများတယ်။ ၁၀ မိနစ်လောက် ကောင်းပေမယ့် တောက်လျှောက် မကောင်းဘူး။ တခါတလေ ၅ မိနစ်လောက် ကောင်းပြီး ပြန်ပြုတ်သွားတယ်” ဟု ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာတဦးက ’’ရွေးကောက်ပွဲ နီးလာလေ နီးလာလေ၊ သတင်းအချက်အလက် ဖြတ်တောက်မှု ပိုများလာမယ်။ အဓိကကတော့ ပြည်တွင်းက သတင်းတွေကို ပြည်ပကို ပို့လို့မရအောင် နည်း အမျိုးမျိုးနဲ့ ပိတ်ဆို့မှာပဲ။ အင်တာနက်တင် မဟုတ်ဘူး၊ ၅ သိန်းတန် ဖုန်းတွေလည်း ၃ နာရီခြား၊ ၄ နာရီခြား ဆက်မရဘူး ဖြစ်နေတယ်။ စစ်အစိုးရကပဲ တမင်လုပ်နေတယ်လို့ပဲ သုံးသပ်ကြတယ်’’ ဟု မဇ္ဈိမကို ပြောဆိုသည်။

လိုင်းကျခြင်းနှင့် နှေးကွေးခြင်းကြောင့် အင်တာနက် လာရောက်သုံးစွဲသူပါ နည်းပါးသွားသည်။

“အင်တာနက်က မရတော့ ဘယ်သူမှ လာမသုံးဘူး။ Facebook တို့၊ Google Talk တို့ သုံးလို့ မရတော့ မလာဘူးပေါ့။ သုံးစွဲတဲ့ သူတွေက ဒါကိုပဲ အဓိက သုံးတဲ့အတွက် ဒါဖွင့်မရတော့ လူလည်း မလာဘူးပေါ့” ဟု သင်္ကန်းကျွန်းမြို့ရှိ အင်တာနက် ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

အင်တာနက်သုံးသူ တဦးက “အင်တာနက်က သုံးလို့မရဘူး။ တချို့ဆိုင်တွေ ပိတ်ထားတယ်။ အခု နိုင်ငံခြားထွက်မယ့် သူငယ်ချင်း တယောက်ဆိုရင် D Form ထုတ်လို့ မရဘူး။ အစိုးရ လုပ်ထားတဲ့ D Form ၀ဘ်ဆိုဒ်ကိုက ကျနေတယ်။ ကျန်တဲ့ ဆိုဒ်တွေ ခေါ်လို့လည်း မရဘူး။ ဟိုဆိုင်ပြေး၊ ဒီဆိုင်ပြေး လုပ်တာ၊ တဆိုင်မှ မရဘူး” ဟု ပြောသည်။

ရခိုင်၊ ကချင်နှင့် ကရင်ပြည်နယ်၊ တနင်္သာရီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ မြို့ကြီးများတွင် အင်တာနက်ဆိုင်များလည်း ဝက်ဘ်ဆိုဒ်များ ဖွင့်မရဘဲ လိုင်းများ နှေးကွေးနေသည်။

ပုဂံနက် (မြန်မာတယ်လီပေါ့) တိုင်ကြားရေးဋ္ဌာနမှ ၀န်ထမ်းတဦးက တနိုင်ငံလုံး လိုင်းကျနေပြီး၊ မည်သည့်အချိန် ပြန်ကောင်းမည်ကို မသိဟု ဆိုသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမှ အင်တာနက် ဆိုင်ရှင်တဦးကမူ ADSL တပ်ဆင်ပေးသည့် ကုမ္ပဏီသို့ လိုင်းပြတ်တောက်မှုနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက လိုင်းပြင်နေကြောင်း ပြန်ပြောသည်ဟု ဆိုသည်။

၂၀၀၇ ရွှေဝါရောင် သံဃလှုပ်ရှားမှုနောက်ပိုင်း အင်တာနက်လိုင်းများကို စစ်အစိုးရက ထိန်းချုပ်ကန့်သတ်မှု လုပ်ခဲ့ပြီး လာမည့်လ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အင်တာနက်များ နှေးကွေးအောင် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း အင်တာနက် ဆိုင်ရှင်များနှင့် သုံးစွဲသူများအကြား ဝေဖန်ပြောဆိုနေသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ ၆ သောင်းနီးပါး ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။