လားရှိုး၊ သိန္နီ၊ ကွန်လုံဘက်၌ အဓိက ထားယှဉ်ပြိုင်သည့် ကိုးကန့်ဒီမိုကရေစီနှင့် စည်းလုံးညီညွတ်ရေးပါတီ KDUP ၏ ကုန်ကျမှု စရိတ် အားလုံး အေးရှားဝေါ ကုမ္မဏီပိုင်ရှင် လော်ရှင်းဟန်နှင့် လော်ရှင်းမင်တို့ ညီအစ်ကိုက အကုန်ကျခံ....
လားရှိုး၊ သိန္နီ၊ ကွန်လုံဘက်၌ အဓိက ထားယှဉ်ပြိုင်သည့် ကိုးကန့်ဒီမိုကရေစီနှင့် စည်းလုံးညီညွတ်ရေးပါတီ KDUP ၏ ကုန်ကျမှု စရိတ် အားလုံး အေးရှားဝေါ ကုမ္မဏီပိုင်ရှင် လော်ရှင်းဟန်နှင့် လော်ရှင်းမင်တို့ ညီအစ်ကိုက အကုန်ကျခံသည်ဟု စုံစမ်းသိရှိရသည်။
“အဓိက လားရှိုး၊ သိန္နီ၊ ကွန်လုံ သုံးမြို့နယ်ထဲတင် အသုံးစရိတ်က ကျပ်သိန်း ၂၄၀ လောက် ကုန်ကျနေပြီ။ ပျှမ်းမျှ တမြို့နယ် ကျပ်သိန်း ၈၀ လောက် ကုန်တာပေါ့။ အချိန်မရွေး လိုသလောက် ပိုက်ဆံ ထုတ်နိုင်တယ်။ လောရှင်းဟန် လော်ရှင်းမင်တို့ ညီအစ်ကိုက ထုတ်ပေး တယ်” ကိုးကန့်ပါတီဝင် တဦးက ပြောပြသည်။
ကိုးကန့်ပါတီ စည်းရုံးရေး ဆင်းရာတွင်လည်း “KDUP ကို မဲမပေးချင်ရင်လဲ USDP ကို မဲပေးလို့ ရတယ်” ဟု လော်ရှင်းဟန်က ပြောဆို စည်းရုံးခိုင်းကြောင်း လားရှိုးသား တဦးက ပြောသည်။
ကိုးကန့် ဒီမိုကရေစီနှင့် သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ လော်ရှင်းကွမ်းမှာ လားရှိုးမှ အမျိုးသားလွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်ပြီး လော်ရှင်းဟန်၊ လော်ရှင်းမင်တို့နှင့် မျိုးနွယ်စုချင်း တော်စပ်ကာ “ကော်ဝင်ရှောက်ရှော်” တရုတ် အထက်တန်းကျောင်း ကျောင်းအုပ် ဆရာလည်း ဖြစ်၏။ ကျောင်းမှ ရသော လခ ကျပ် နှစ်သိန်း ငါးသောင်းနှင့် လော်ရှင်းဟန်က ပေးသော ကျပ် တစ်သိန်း စုစုပေါင်း တလကျပ် သုံးသိန်း ငါးသောင်း ရရှိသည်ဟု အဆိုပါ ကျောင်းမှ ကျောင်းသူဟောင်း တဦးက ပြောပြသည်။
“ကျမတို့ ကော်ဝင်ရှောက်ရှော် တရုတ် အထက်တန်းကျောင်းဟာ လားရှိုးကြီး ရပ်ကွက် ၁၂ (ဟတ်ကာ လမ်းထဲ) ကန်မိန်းကျောင်း တိုက်ရှေ့နားမှာ ရှိတယ်။ ကျောင်းသား ခုနှစ်ရာကျော် ရှိတယ်။ ဦးလော်ရှင်းကွမ်း ကျောင်းအုပ် လုပ်တာ ငါးနှစ် ခြောက်နှစ် ရှိပြီ” ဟု အဆိုပါ ကျောင်းသူက ရှင်းပြသည်။
အဆိုပါ ကော်ဝင်ရှောက်ရှော် ကျောင်းအပါအ၀င် လားရှိုးမြို့တွင် တရုတ် စာသင်ကျောင်း ၄ ကျောင်း ရှိရာ ၀မ့်အိုင်တိုက်ရွာ ရပ်ကွက် ၅ ၌ ဟေမိုးလုံ ချူးကျုံး အထက်တန်းကျောင်း၊ ပန်လုံးရပ်၌ ကော်ပန်း အလယ်တန်း ကျောင်းနှင့် ပန်အွတ်ရပ်ရှိ (လော်ရှင်း ဟန်နာမည်ဖြင့် ဖွင့်ထားသော) ကော်ရှင်းကျောင်းတို့ ဖြစ်သည်။ ကော်ရှင်းကျောင်း၏ ကျောင်းဆရာများမှာ ကိုးကန့် တရုတ်လူမျိုး သိပ်မရှိဘဲ တရုတ် ကြီးများသာ ဖြစ်သည်ဟု ကျောင်းသားမိဘ တဦးက ပြောသည်။
လောရှင်းဟန်နှင့် လောရှင်းမင် ညီအစ်ကိုတို့သည် MTA ခေါင်းဆောင် ခွန်ဆာ လက်နက်မချမီကတည်းက နာမည်ကျော် ဘိန်းဘုရင် များ ဖြစ်ခဲ့ကြသည်။ ၎င်းတို့အား စစ်အစိုးရက အကာအကွယ် ပေးပြီး ငွေမည်းမှ ငွေဖြူခ၀ါ ချရန် အေးရှားဝေါလ် ကုမ္မဏီ တည်ထောင် ခွင့်ပေးခဲ့သည်။ အာရှတိုက်၏ အမှတ် ၁၄ လမ်းမ မန္တလေး-လားရှိုး-မူဆယ်မှ တရုတ်ပြည် ရွှေလီသို့ ဆက်သွယ်သည့် လမ်းကိုလည်း အေးရှားဝေါလ် ကုမ္မဏီ တာဝန်ယူ တည်ဆောက်၍ လမ်းခွန်များ စောင့်ကြပ်ကောက်ယူဆဲ ဖြစ်သည်။