စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မဲဆန္ဒနယ်တွင် ချင်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလ အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မည့် ပူး ဧနောခ်ကို ချင်းတိုးတက်ရေးပါတီ (စီပီပီ)က သေရည်ဖျက်မှုနဲ့ ရွေးကောက်ပွဲကော်မီရှင်ထံ ...
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မဲဆန္ဒနယ်တွင် ချင်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလ အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မည့် ပူး ဧနောခ်ကို ချင်းတိုးတက်ရေးပါတီ (စီပီပီ)က သေရည်ဖျက်မှုနဲ့ ရွေးကောက်ပွဲကော်မီရှင်ထံ အမှုတိုင်ချက်ဖွင့်လိုက်သည်ဟု သိရသည်။
ကလေးမြို့နယ် ချင်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်တွင် ချင်းတိုးတက်ရေးပါတီကနေ ၀င်ရောက်အရွေးခံမည့် ပါတီ ဥက္ကဌ ဦးနိုးထန်ကပ်၏ ပုဂ္ဂိုလ်ရေးဆိုင် အချက်အလက်များကို ပူးဧနောခ်က လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သည့် ကိစ္စနဲ့ ပတ်သက်ပြီး ယခုကဲ့သို့ သူ့ကို ခရိုင်တရုံးတွင် မနေ့က အမှုတိုင်ချက်ဖွင့်ဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ပူး ဧနောခ်က ကလေးမြို့ တာဟန်းရပ်ကွက်တွင် လူထုစည်းရုံး ဟောပြောပွဲတရပ် ကျင်းပရာ၌ ပူး နိုးထန်ကပ်၏ ပုဂ္ဂိုလ်ရေး အကြောင်းများ ရေးသားထားသော လက်ကမ်းစာစောင်များကို လူထုထံ ဖြန့်ဝေခဲ့သည်ဟု ကလေးမြို့ စီပီပီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
၎င်းလက်ကမ်းစာစောင်ထဲတွင် စီပီပီ ဥက္ကဌ ပူး နိုးထန်ကပ်သည် သူပုန်ခေါင်းဆောင်ကာလမှာ စီအဲန်အက်ဖ်ကို မအုပ်ချုပ်နိုင်သဖြင့် ကွဲခဲ့ရကြောင်း၊ စီအဲန်အက်ဖ် ဒါဏ်ကြောင့် ပြည်သူများ ထောင်ကျသူကျ၊ နိုင်ငံခြား ထွက်ပြေးသူ ထွက်ပြေးရကြောင်းများ ရေးသားထားသည်ဟု သိရသည်။
ထို့ကြောင့် ၎င်းဖြစ်ရပ်များကို ကောင်းမှုလို့ ခေါ်နိုင်မှာလား၊ ဟောပြောပွဲများတွင် သူဟာ အလင်းဝင်သူ မဟုတ်ကြောင်း တဖွဖွ ပြောနေခြင်းသည် မှန်ကန်ပါက သူ့အတွက် လွယ်ကူမည် မဟုတ်ကြောင်း၊ တပ်မတော်က တကယ်လက်ခံပါ့မလား၊ နိုးထန်ကပ်ရဲ့ ကောင်းမှုရယ်လို့ ပြောဖို့ တလုံးတလေတောင် ပြောဖို့ ဘယ်မှာ ရှိသလဲ ဆိုတဲ့ အချက်များ ရေးသားထားသည်ဟု သိရသည်။
“မနေ့ကဘဲ ကျနော်တို့ ခရိုင်ကော်မီရှင်ရုံးမှာ အသေရေဖျက်မှုနဲ့ အမှုတိုင်လိုက်ပါပြီ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်တရားရံးကော်မီတီက ဒီကနေ့မှာ အရေးပေါ် အစည်းအဝေး ထိုင်ကြမှာပါ” ဟု စီပီပီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းချက်များ ဆိုသည့် အပိုဒ် (၁၁) တွင် လူမျိုးရေး (၀ါ) ဘာသာရေး (၀ါ) လူတစ်ဦးတည်း (၀ါ) လူများနဲ့ ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှု မပြုရဟု ဖော်ပြထားပြီး အပိုဒ် (၁၃) တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ဤကြေငြာချက်ပါ တစ်ရပ်ရပ်ကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရလိမ့်မည်ဟု ဖော်ပြထားပါသည်။
အောက်တိုဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပူး ဧနောခ်၏ လူထုစည်းရုံးဟောပြောပွဲကျင်းပရာ တက်ရောက်လာသူများကို ထမင်းကျွေးသည့်အပြင် ခရီးစရိတ်၊ တရက်လုပ်အားခ ၁၅၀၀ ကျပ်နှင့် ဆီတစ်ပုလင်းစီ ပေးလှူခဲ့သည်ဟု သိရသည်။
နယ်လှည့်စည်းရုံးရေးများ ပြုလုပ်ရာတွင်လည်း ငွေကြေး ပေးလှူခြင်း၊ စည်းရုံးရေးမှူးများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို တစ်လ ကျပ်ငွေ ငါးသောင်းမှ နှစ်သိန်းအထိ ပေးသည်ဟု သိရသည်။ ထိုကဲ့သို့ ငွေကြေးကို ဖော်ဖော်သီသီ သုံးဖြုန်းနိုင်ခြင်းမှာ ဗဟိုကြံ့ဖွံ့ပါတီက ကျောထောက်နောက်ခံပေးသည်ဟုလည်း ဒေသခံတချို့က ဝေဖန်ပြောဆိုနေကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကလေးဒေသခံ တစ်ဦးက “ချင်းရေး ဟောပြောရာတွင် အဓိက လက်သုံးစကားမူဝါဒမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သူတို့ နေရာတွင် ခြင်င်္သေ့ကိုသာ မဲပေးကြပါ ဆိုပြီး နံပါတ် ၁ မှာ ရေးထားတယ်။
နံပါတ်၂ မှာက ချင်းတိုင်းရင်းသား လူမျိုးစုလွှတ်တော်နေရာတွင် အောက်ချင်း ငှက်ကိုသာ မဲပေးကြပါ၊ ပြီးတော့ ကြံ့ဖွံ့ပါတီသည် လက်တွဲဖော် ကျောထောက်နောက်ခံ ဖြစ်သည် ဆိုပြီးတော့လည်း ရေးထားသေးတယ်” ဟု ပြောသည်။