ကယန်းကျေးရွာများတွင် ဘိလပ်မြေနှင့် သစ်များ ပေး၍ ကြံ့ဖွံ့ မဲဆွယ်စည်းရုံး

ကယန်းကျေးရွာများတွင် ဘိလပ်မြေနှင့် သစ်များ ပေး၍ ကြံ့ဖွံ့ မဲဆွယ်စည်းရုံး
by -
နှောင်းလှိုင်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံဒေသရှိ ကယန်းလူမျိုးများ နေထိုင်သော ကျေးရွာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က လူထုများအား ဘိလပ်မြေနှင့် သစ်များ အခမဲ့ ပေးခြင်းဖြင့် မဲဆွယ်စည်းရုံး ...

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံဒေသရှိ ကယန်းလူမျိုးများ နေထိုင်သော ကျေးရွာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က လူထုများအား ဘိလပ်မြေနှင့် သစ်များ အခမဲ့ ပေးခြင်းဖြင့် မဲဆွယ်စည်းရုံးနေသည်။

ကြံ့ဖွံ့ပါတီသည် နန်းဖယ်ခုံဒေသရှိ ကယန်းကျေးရွာများအား ရွာငယ် တရွာလျှင် ဘိလပ်မြေ ၃ဝ အိတ်နှင့် သစ် ၃ တန်၊ ရွာကြီး တရွာလျှင် ဘိလပ်မြေ ၅ဝ အိတ်နှင့် သစ် ၅ တန် ပေးပြီး လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီကို ထောက်ခံမဲ ပေးကြရန် လူထုများကို မဲဆွယ်စည်းရုံးနေခြင်း ဖြစ်သည်။

လူထုများသည် မိမိရရှိသော အခွင့်အရေးများကို လက်လွှတ်မသွားရလေအောင် ကြံ့ဖွံ့ပါတီ၏ ပစ္စည်းများအား လက်ခံယူထားကြကြောင်း နန်းဖယ်ခုံဒေသမှ ကယန်းရွာသား တဦးက ပြောသည်။ “ပြည်သူလူထုတွေကတော့ သစ်တို့ ဘိလပ်မြေတို့ ယူကြတယ်” ဟု ဆိုသည်။

နန်းဖယ်ခုဒေသတွင် ကယန်းလူမျိုး အများစု နေထိုင်သောကြောင့် ရွေးကောက်ပွဲတွင် ကယန်းအမျိုးသားပါတီ (ကေအဲန်ပီ)မှ အနိုင်ရမည်ကို ကြံ့ဖွံ့ပါတီက စိုးရိမ်သည့်အတွက် ကေအဲန်ပီထက် လူထုထောက်ခံမှု ပိုမိုရရှိအောင် ပစ္စည်းများ ပေး၍ စည်းရုံးရေး ဆင်းရခြင်း ဖြစ်သည်ဟု ကယန်းအမျိုးသား အဖွဲ့အစည်းမှ ဦးခွန်းပိုက ပြောသည်။

၎င်းက “အထူးသဖြင့် ကယန်းရွာတွေပေါ့ ကယန်းရွာတွေဆိုတော့ ကယန်းမဲ ထည့်မှာပဲ ဆိုပြီး သူတို့ လိုက်စည်းရုံးရင်းနဲ့ ရွာကြီးရင် များများပေးတယ်။ ရွာငယ်ရင် နည်းနည်းပေးတယ် အဲလိုမျိုး လုပ်တယ်။ အဲဒါကျတော့ မဲဝယ်တဲ့ သဘောပဲပေါ့” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သည့် လအတွင်း စည်းရုံးရေး ဆင်းရာတွင်လည်း များသောအားဖြင့် ကယန်းလူမျိုးများ နေထိုင်သော ကျေးရွာများကိုသာ ဘိလပ်မြေနှင့် သစ်များ ပေးလေ့ရှိသည်ဟု သိရသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြိုနယ်ရှိ ကယန်းလူမျိုးများ နေထိုင်သော ဒေသများတွင် ရှမ်းပြည်တောင်ပိုင်း၌ ရုံးစိုက်ထားသော ကယန်းအမျိုးသားပါတီ (ကေအဲန်ပီ)မှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

 

 

 

Most read this week