မဲထည့်ရေးထက် ထမင်းစား၊ ရေသောက်ဖို့ အရေးက ပိုကြီးနေ

မဲထည့်ရေးထက် ထမင်းစား၊ ရေသောက်ဖို့ အရေးက ပိုကြီးနေ
by -
မရော့နန္ဒာ

မွန်လုပ်သားတွေအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်အတွင်းက စက်ရုံတစ်ရုံမှာ မနက် ၈ နာရီကစပြီး ည ၆ နာရီအထိ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့....

မွန်လုပ်သားတွေအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်အတွင်းက စက်ရုံတစ်ရုံမှာ မနက် ၈ နာရီကစပြီး ည ၆ နာရီအထိ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုနိုင်ဖိုင်ကတော့ အပိုဝင်ငွေအတွက် အချို့ရက်တွေမှာ အချိန်ပိုဝင်လုပ်ရပါသေးတယ်။

 

woker-300x168အခုလို ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မွန်အလုပ်သမားတွေအဖို့တော့ နိုဝင်ဘာလ ၇ ရက်နေ့မှာလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့အတွက်တော့ “ထမင်းစားဖို့ ရေသောက်ဖို့လောက် အရေးမကြီးပါဘူး” လို့ နိုင်ဖိုင်က ပြောပါတယ်။ ပြည်ပကို ရောက်နေတဲ့ မွန် လူမျိုးစုစုပေါင်း ၄ သိန်းကျော်လောက်ဟာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် မဲထည့်ပိုင်ခွင့်ရှိခဲ့ရင်တောင် မဲထည့်ဖို့အတွက် အခက် အခဲတွေ ရှိနေကြပါတယ်။

အဝေးရောက် မွန်လူမျိုးတို့၏ အရေအတွက် စာရင်းအတိအကျကို မဖော်ထုတ်နိုင်ပေမယ့် အကြမ်းဖျင်းအနေနဲ့ အသက် ၁၈ နှစ် အထက် ရှိနေတဲ့ ပြည်ပရောက် တရားဝင်နှင့် တရားမဝင် မွန်လူမျိုးတွေ ၄ သိန်းကျော်ရှိပါတယ်လို့ မွန်အလုပ်သမားကူညီရေးအဖွဲ့က ခန့်မှန်းပါတယ်။

အလုပ်သမားတွေဟာ “ဝမ်းစာအတွက်ပဲ ရုန်းကန်နေကြရတာ ရွေးကောက်ပွဲဆိုတာလည်း စိတ်မဝင်စား မဲထည့်ဖို့ဆိုတာလည်းမသိဘူး” လို့ မလေးရှား ရောက်နေတဲ့ အသက် ၄၀ နှစ် ရှိပြီဖြစ်တဲ့ နိုင်ဝိုင်မွန်က ပြောပါတယ်။ စစ်အစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ ကျင်းပပေးမယ်ဆိုရင် ကျနော်ဆိုရင် ဗမာပြည်နဲ့ ဘယ်လောက်ပဲဝေးဝေး မရ ရတဲ့နည်းနဲ့ မဲထည့်မှာပဲ၊ ပြန်ရမှာပဲဖြစ်ဖြစ် အဝေးကနေ ထည့်လို့ရရင် ထည့်ရတာပဲဖြစ်ဖြစ် မဲထည့်မှာပဲ ဆိုပြီး အခုရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်ပြီး မြန်မာတပြည်သားလုံးအတွက် အကျိုးမရှိတဲ့ရွေးကောက်ဖြစ်တယ်ဆိုပြီး မဲကို လုံးဝ ထည့်မှာ မဟုတ်ဘူးလို့လည်း နိုင်ဝိုင်မွန်က ပြောပါတယ်။

ပြည်ပမှာရောက်နေတဲ့ မွန်လူမျိုးတွေသာမက ကျန်တဲ့လူတွေလည်း အိမ်ရဲ့ စားဝတ်နေရေးအတွက်  အိုးအိမ်စွန့်ပြီး ထွက်လာတဲ့ သူတွေရှိသလို တချို့က မြန်မာစစ်အစိုးရရဲ့အုပ်ချုပ်မှုစနစ်အောက်မှာ ရုန်းထွက်ပြီး ပြည်ပမှာ ဒုက္ခသည်အဖြစ် ရောက်ရှိလာသူ တွေလည်း အများအပြားရှိနေကြပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံလို မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသမှာ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ အများဆုံး ရှိနေကြပါတယ်။  ထိုင်းနိုင်ငံ၊ မြို့နယ်တိုင်းမှာ အလုပ်လုပ်နေကြတဲ့ မွန်အလုပ်သမား အများစုဟာ တရားမဝင် အလုပ်သမားတွေ ဖြစ်နေပြီး အနည်းစုကတော့ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေနဲ့ ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ သဘောတူပြီး ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြုလုပ်ပေးနေတဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ နေထိုင်သူတွေဖြစ်ကြပါတယ်။

အဲဒီအလုပ်သမားတွေကလည်းပဲ လာမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အရိပ်အယောင်တောင် ပြတာ မတွေ့ရပါဘူး။ တရားဝင် ပတ်စပို့စ် လက်ဝယ်ကိုင်ဆောင်နေကြတဲ့ အလုပ်သမားတွေအတွက်ကတော့ အခက်အခဲမရှိလှပေမယ့် ဘာလက်မှတ်မှ မရှိတဲ့ အလုပ်သမားတွေ အတွက်ကတော့ အခက်အခဲရှိတဲ့အကြောင်း အလုပ်ရုံမှာတင် တရားမဝင်အလုပ်သမားတွေ အနေနဲ့ “ပြန်ပြီး မဲထည့်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဆိုပြီး  အလုပ်သမားတွေ ပြောနေကြပါတယ်။

ရွေးကောက်ပွဲ မဲထည့်ဖို့အတွက်ကြောင့်နဲ့တော့ မြန်မာပြည် ပြန်မယ့်လူတော့ မရှိသလောက်ပါပဲ။ အကြောင်းကတော့ သူတို့တတွေ အတွက် ဒီရွေးကောက်ပွဲဟာ ဘာမှ ထူးခြားမှုမရှိဘူးလို့ ယူဆပြီး မဲထည့်ရမှာကိုလည်း စိတ်မဝင်စားတဲ့အပြင် အများစုက ဒီရွေးကောက် ပွဲကို လုံးဝကိုသဘောမကျ ကြဘူးလို့ အလုပ်သမားတွေ အကြား ပြောဆိုနေသံတွေ ကြားနေရပါတယ်။

နိုင်ဖိုင်ကတော့ မဲပြန်ထည့်ဖို့ကို လုံးဝကို စိတ်မဝင်စားတာ၊ ရွေးကောက်ပွဲပြီးသွားတာတောင် သူတို့ အလုပ်သမားတွေအတွက် ဘာအကျိုးကိုမှ မျှော်ကိုးစရာမရှိဘူးလို့ ပြောပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ အလုပ်သမားတွေးအကြားမှာ စည်းရုံးရေးတော့ ဆင်းနေပေမဲ့ အလုပ်သမားတွေက စိတ်မ၀င်စားနိုင်ပဲ ဝမ်းစာအတွက် ရုန်းကုန် နေကြရတယ်လေ ဆိုပြီးတော့ နိုင်ဖိုင်က ပြောသည်။

မွန်ပြည်နယ်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနဲ့ စည်းရုံးရေးဆင်းတဲ့ အချိန်မှာ မွန်အလုပ်သမားတွေ အကယ်၍ မဲထည့်နိုင်ခဲ့ရင် မွန်လူမျိုးကို ကိုယ်စားပြုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေပဲ မဲထည့်ကြဖို့ မဲဆွယ် စည်းရုံးခဲ့ပါသေးတယ်။

မလေးရှားက မွန်အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ နိုင်စဟိုင်းမွန်က “အဝေးရောက်မွန်တွေအားလုံးက ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြတယ်၊ မွန်တွေသာမကဘူး ဗမာပြည်သားတွေ အားလုံးက ဆန့်ကျင်နေကြတယ်။ ဘာလို့လဲဆိုတော့ ယခု စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်မဟုတ်ဘူးဆိုတာ အကုန်သိနေကြတယ်၊ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးတော့ ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဘယ်လိုမှ တရားမျှတပြီး မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ ရွေးကောက်ပွဲတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

သူက “အဝေးရောက် မွန်တွေ၊ ဘယ်နိုင်ငံမှာမဆို အဖွဲ့အစည်းတွေရှိကြတယ် အလုပ်သမားတွေမှာတောင် မွန်အလုပ်သမား အဖွဲ့ အစည်းတွေ ရှိတယ်။ အဲဒီတော့ အဖွဲ့က ရွေးကောက်ပွဲကို ဆန့်ကျင်လာတော့ အဖွဲ့ဝင်အားလုံးကလည်း အလိုလို ရွေးကောက်ပွဲကို ဆန့်ကျင်ကြတယ်။ မဲထည့်ဖို့အတွက် ဗမာပြည်ပြန်ရမယ်ဆိုတာ မရှိသလောက်ပါ” ဆိုတာကို နိုင်စဟိုင်းမွန်က ပြောပါတယ်။

ပြည်ပရောက် နိုင်ငံရေးလေ့လာသူ နဲာစွန်းထွန်းက “ကျနော်တို့ မွန်လူမျိုးတွေ ရွေးကောက်ပွဲအကြောင်းကို မသိထားလို့မရဘူး သိထားသင့်တယ်၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ရှိနေပါပြီး၊ အရင်က လမ်းဟောင်းအတိုင်နဲ့ သွားနေလို့ မလုံလောက်တော့ဘူး၊ ကိုယ့်ဘဝ လွတ်မြောက်ဖို့၊ အများတွေနဲအခွင့်အရေးတန်တူရရှိဖို့၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့၊ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ဘယ်သူမဆို ပါဝင်လုပ်ဆောင်သင့်တယ်။ အနည်းဆုံး ကိုယ်က ဝင်အရွေးမခံတာတောင် ကိုယ်က ဘယ်သူ့ကို သဘောကျတယ်၊ ဘယ်ဥပဒေကိုသဘောကျတယ်ဆိုတာကိုတော့ သိထားသင့်တယ်။ ကိုယ့်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် ဒါကို လေ့လာထားသင့်ပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ တခြားနိုင်ငံက ရွေးကောက်ပွဲတွေနဲ့တော့ တူညီမှာ မဟုတ်ဘူး၊ ဘာလို့လည်းဆိုတော့ ဒီရွေးကောက်ပွဲက အာဏာရှင်စနစ်လိုဖြစ်နေတယ် လို့လည်း သူက သုံးသပ်ပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ မွန်တွေ ဆန့်ကျင်ရေးတွေ၊ ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်ပြီး တော်လှန်လာတာလည်း အချိန်က ၁၀ နှစ်တောင် ကျော်လာပြီးလို့ သူက ပြောပါတယ်။ ဒါကြောင့် အပြင်ဘက်ရောက်နေတဲ့လူတွေ အထဲကလူတွေ လှုပ်ရှားနေတာကို ပြန်ကြည့်သင့်တယ် ဘာလို့လဲဆိုတော့ အထဲက လူတွေ ပါတီတွေက  စစ်အစိုးရနဲ့ အနီးကပ်ရှိနေတဲ့လူတွေလေ အထဲက အခြေအနေတွေကို သူတို့တွေက ပိုသိနိုင်ပါတယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေအချိန်မှာ ဘယ်ပါတီက ကောင်းတယ်၊ ဘယ်ပါတီက မကောင်းဘူးလို့ မပြောသေးဘဲ စောင့်ကြည့်လေ့လာဖို့ အချိန်ယူ သင့်ပါတယ်။ မွန်လူမျိုးတွေအတွက် မွန်ပါတီက ကောင်း မကောင်းဘူးလို့ ပြောရင် အချိန်စောပါသေးတယ်၊ သူတို့တွေအပေါ် အချိန်ယူပြီးတော့မှ ဝေဖန်ရင်ကောင်းမယ်လို့တော့ သူက ဝေဖန်သုံးသပ်ပြပါတယ်။

ပြည်ပရောက် မွန်လူမျိုးတွေအနေနဲ့က ရွေးကောက်ပွဲမှာ မဲထည့်ဖို့ မထည့်ဖို့အတွက် အများစုက စိတ်ဝင်စားမှုပြသတာ မတွေ့ရပေမယ့်၊ အကယ်၍သာ စိတ်ဝင်စားသူတွေရှိခဲ့ရင်လည်း မဲထည့် အခက်အခဲအမျိုးမျိုးကြားမှာ မြန်မာပြည်ပြန်ပြီး မဲထည့်နိုင်မှာ မဟုတ်တဲ့အတွက် မဲဆန္ဒရှင် လေးသိန်းရဲ့ မဲတွေကတော့ ရွေးကောက်ပွဲမှာ ပါနိုင်၊ မပါနိုင်ဆိုတာ အတော်စဉ်းစားရခက်နေပါတယ်။