မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တစ်ခု ဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် များကို စစ်အစိုးရမှ တနေရာထဲမှာ စုစည်းနေဖို့ ညွှန်ကြားချက်တွေ ပေးလာခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ပြော.....
မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တစ်ခု ဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် များကို စစ်အစိုးရမှ တနေရာထဲမှာ စုစည်းနေဖို့ ညွှန်ကြားချက်တွေ ပေးလာခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အားလုံးကို တပ်တည်နေရာအဖြစ် သတ်မှတ် ပေးထားသော ဖါးအံမြို့နယ်၊ ကော့ယက္ခ အမှတ် (၁) အထူးဒေသကို အောက်တိုဘာလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး တပ်အားလုံး ပြောင်းရွှေ့ကြရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဌာနကနေ ညွှန်ကြားချက် ပေးလာခဲ့သည်။
အဆိုပါ ညွှန်ကြားချက်အပေါ် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ အနေနှင့် လက်ရှိ အနေအထားအရ ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေကြောင်း အရှေ့တောင်တိုင်း စစ်ဌာန ချုပ်ကို တင်ပြထားသည်ဟု အဖွဲ့နှင့် နီးစပ်သူ စီးပွါးရေး လုပ်ငန်းရှင် တစ်ဦးကို ဆက်သွယ် မေးမြန်းရာတွင် ယခုလို ပြောပါသည်။
“(၁၁) ရက်နေ့ကို ကော့ယက္ခ အထူးဒေသကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာ ရှိတယ်။ အဲတာ သူတို့က အချိန်တိုတိုအတွင်း (၄) ရက်အတွင်းမှာဆိုရင် ပြောင်းဖို့ အချိန် မလုံလောက်ဘူး။ ဒီကော့ယက္ခ ဒေသဟာလဲ လမ်းပန်းဆက်သွယ်ရေးဟာ ခက်တယ်။ နောက်နယ်မြေက ကျဉ်းတယ်။ နောက်ရွာတွေ ငယ်ပြီးတော့ ဒီစားဝတ်နေရေးတွေ အဆင်မပြေဘူး။ အကောက်အခွန်လဲ ကောက်လို့ မရတဲ့ အခါကျတော့ စားဝတ်နေရေးတွေ အခက်အခဲ ရှိတယ်။ အဲဒီလို တင်ပြထားတာ ရှိတယ်။”
ထို့အပြင် နောက်ထပ် နေရာဒေသသစ်များ ဖြစ်သော နောက်ကျိုက်မရောမြို့နယ် ကော့ဒွန်း ကော့ပနောဒေသ ရေးမြို့နယ် တောင်ပိုင်းမြောက်ပိုင်း နယ်မြေဒေသ သံဖြူဇရပ်မြို့နယ် ရသေ့တောင်ဒေသ၊ မုဒုံမြို့နယ်၊ သထုံခရိုင်ဒေသအချို့ကိုလည်း ထပ်မံတောင်းဆိုမှု ပြုခဲ့ သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။
ဤတောင်းဆိုချက်အပေါ် စစ်အစိုးရမှ အကြောင်းပြန်ခြင်း မရှိသေးဟု အဖွဲ့နဲ့ နီးစပ်သူ တစ်ဦးမှ ပြောပါသည်။
စစ်အစိုးရကနေ သတ်မှတ်ပေးထားသော ကော့ယက္ခ အထူးဒေသသည် ယခင်ကမွန်ပြည်သစ် ပါတီနှင့် စစ်အစိုးတို့ အပစ်ခတ် ရပ်ဆဲရေး စတင်ဆွေးနွေးစဉ်က မွန်ပြည်သစ် ပါတီကို ယာယီ တပ်တည်နေရာအဖြစ် သတ်မှတ်ပေးထားသည့် နယ်မြေ ဖြစ်ပါသည်။
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့ကို (၂ဝဝ၈) ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ အနားယူ ထားသော စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်မှ နေပြည်တော် စစ်အာဏာပိုင်များနှင့် နားလည်မှု ရယူပြီး ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
တပ်အသွင်ပြောင်းရေးကို လက်မခံသည့် မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရကနေ စစ်ရေး အရ ထိုးနှက်လာမည်ဆိုလျှင် မွန်ပြည်သစ်ပါတီ လှုပ်ရှားရာ နယ်မြေဒေသများကို ပြန်လည် ချုပ်ကိုင်ရန် အစီအစဉ် ရှိရှိနဲ့ လုပ်ဆောင်နေသည်ဟု စစ်အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။
မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး အဖွဲ့ကို မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင် ကွယ်လွန်ပြီးနောက်ပိုင်း ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ် နိုင်ရှောင်မှ ဥက္ကဌ အဖြစ် ဆက်လက်ဦးဆောင်ခဲ့ပါသည်။
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့သည် စစ်အစိုးရ အလိုကျ ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ ဖွဲ့စည်းရန် သဘောတူညီချက် ရရှိပြီး ဖြစ်သော်လည်း လိုအပ်သော တပ်ဖွဲ့ဝင်ဦးရေ မပြည့်သော ပြဿနာကြောင့် ယနေ့ထိတိုင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။