ဘင်္ဂလား-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ခရီးသည်များ၏ ကုန်ပစ္စည်း သယ်ယူခွင့် ပမာဏကို ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်မှ လျော့ချလိုက်သဖြင့် မြန်မာနိုင်ငံမှ ကုန်သည်များ အဓိက အခက်ကြုံ ...
ဘင်္ဂလား-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ခရီးသည်များ၏ ကုန်ပစ္စည်း သယ်ယူခွင့် ပမာဏကို ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်မှ လျော့ချလိုက်သဖြင့် မြန်မာနိုင်ငံမှ ကုန်သည်များ အဓိက အခက်ကြုံနေကြရသည်။
မောင်တောမြို့မှ ခရီးသည် အမျိုးသမီး တစ်ဦးက “အဓိက နစ်နေတာကတော့ နေ့ချင်းဖြင့် နိုင်ငံကူး လက်မှတ်နဲ့ သွားလာနေတဲ့ ခရီးသည် အမျိုးသမီးတွေ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အရင်က ဘင်္ဂလာဒေခ်ျ့ ကုန်ပစ္စည်းတွေကို တရားဝင် တာကာ ၈၀၀ ထိ မြန်မာဘက်ကို တရားဝင် ယူဆောင်ခွင့် ပြုတယ်။ အခုတော့ တာကာ ၄၀၀ ဖိုးဘဲ ယူဆောင်ခွင့် ပြုတယ်။ ပိုသယ်ရင် ဖမ်းတယ်” ဟု ပြောသည်။
တာကာ ၈၀၀ မှာ မြန်ကျပ်နှင့် ဆိုလျှင် ၁၀၀၀၀ ခန့် ရှိပြီး အဆိုပါ ငွေကြေးထက် များပြားသော ကုန်ပစ္စည်းများကိုလည်း နားလည်မူဖြင့် ဘီဒီအာရ်က ယူဆောင်ခွင့် ပြုခဲ့သည်ဟု သူမက ပြောသည်။
“အရင်ကတော့ တာကာ ၈၀၀ ဖိုး ကုန်ပစ္စည်းတွေကို ခွင့်ပြုပေမယ့် နားလည်မှုနဲ့ ၀န်တွေ ပိုသယ်လို့ ရပါတယ်။ ဘီအာတွေက ဘာဖြစ်တယ် မသိဘူး။ လွန်ခဲ့တဲ့ တနင်္ဂနွေ နေ့က စပြီး ခုရက်ပိုင်းတွေအတွင်း ကုန်ပစ္စည်း ယူဆောင်ခွင့်ကို တာကာငွေ ၄၀၀ ဖိုး အထိ လျှော့ချလိုက်ပါတယ်။ အရင်လို ဘာနားလည်မှုကိုမှ လက်မခံပဲ တင်းကျပ်ထားတာကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်နေပါတယ်။”
ယခုကဲ့သို့ ဘီဒီအာမှ နယ်စပ်တွင် ဟိုဘက်သည်ဘက် ကုန်ပစ္စည်း သယ်ခွင့် ပမာဏကို လျှော့ချပြီး လုံခြုံရေး တင်းကျပ်ထားခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဒက္ကား အခြေစိုက် ATN Bangla ရုပ်မြင်သံကြား အစီအစဉ်မှ “နေ့ချင်းပြန် ပက်စပို့ ကုန်သည်များ အကြောင်း” သတင်း ထုတ်လွှင့်ချက် တစ်ခုတွင် ဘီဒီအာရ်များ လာဘ်စားနေကြောင်း ထုတ်လွှင့်ခဲ့သည့်အတွက် ဖြစ်သည်ဟု ဘီဒီအာနှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဘီဒီအာက ဒီလိုသာ ဆက်ပြီး တင်းကျပ်လျော့ချထားမယ်ဆိုရင် ကျွန်မတို့ရဲ့ လုပ်စားကိုင်စားတွေ အကုန်လုံး ပျက်စီးသွားနိုင်ပါတယ်” ဟု ၄င်းကုန်သည် အမျိုးသမီးက ဆက်ပြောခဲ့သည်။
ဘင်္ဂလာနယ်စပ်မြို့ တက္ကနာမှ ဈေးဆိုင်သည် တစ်ဦးကလည်း “ဒီရက်ပိုင်း မြန်မာကုန်သည်တွေ ၀ယ်ယူမှု အရမ်းကျနေတာ့ ကျွန်တော်တို့ ဆိုင်တွေလည်း တော်တော် အရောင်းထိုင်းနေတယ်ဗျာ” ဟု ပြောသည်။
မြန်မာ နေ့ချင်းပြန် ပက်စပို့ ကုန်သည်များမှာ မြန်မာဘက်မှ အလှကုန် ပစ္စည်းများ၊ အ၀တ်အထည်များ၊ တရုတ်လုပ် စောင်များ၊ တိုင်းရင်းဆေးများနှင့် စားကုန်သောက်ကုန်များကို ဘင်္ဂလားဒေ့ခ်ျ့ဘက်သို့ သယ်ယူလာကြပြီး၊ ဘင်္ဂလာဘက်မှလည်း သွပ်အိုးသွပ်ခွက်များ၊ ဖီးလ်တာ ခေါ် သောက်ရေအိုးများ၊ အ၀တ်အထည်နှင့် စားကုန်သောက်ကုန်များကို မြန်မာဘက်သို့ ပြန်သယ်လျက် လုပ်ကိုင် စားသောက်နေသူများ ဖြစ်ကြသည်။