မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်သီချင်း စီဒီအချပ်များ ယခုရက်ပိုင်းအတွင်း အခမဲ့ ဖြန့်ဝေတော့မည်ဟု မွန်အဆိုတော် စမိုင်းချမ်းက ...
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်သီချင်း စီဒီအချပ်များ ယခုရက်ပိုင်းအတွင်း အခမဲ့ ဖြန့်ဝေတော့မည်ဟု မွန်အဆိုတော် စမိုင်းချမ်းက ပြောသည်။
“စီဒီချပ်တွေ ရန်ကုန်ကနေ ကူးပြီးလို့ မနေ့ကပဲ မွန်ပြည်နယ်ကို ပို့လိုက်ပြီ၊ အမြန်ဖြန့်မှာ ဆိုတော့ နက်ဖြန်လောက်မှာ ပရိသတ် လက်ထဲ ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စမိုင်းချမ်းက ပြောသည်။
မွန်အဆိုတော်များ ဖြစ်ကြသည့် နိုင်ကျန်ရစ်၊ စမိုင်းချမ်း၊ အဂ္ဂ၊ မင်းသက္က၊ အီကိုတာရာ၊ အမျိုးသမီး အဆိုတော် စန္ဒာအောင်၊ ပိုန်ဒေဝီတို့ ပါဝင်သီဆိုကြသည်ဟု သိရသည်။
ထို့အတူ ကျိုက်မရောသူ မြန်မာအဆိုတော် “လိမ္မော်သီး” လည်း ပါဝင်သီဆိုခဲ့သည်ဟု စမိုင်းချမ်း ပြောသည်။
မူလက ရည်ရွယ်ထားသော အဆိုတော် “လဝီ” သီချင်းအား “သူရိယျမာန်” အစားထိုး သီဆိုသည်ဟု လဝီက ပြောသည်။
“ကျနော့်အတွက် စပ်ဆိုထားတဲ့ သီချင်းက ကျနော် အဆိုနဲ့ မလိုက်ဖက်ဘူး၊ အနုပညာကို အနုပညာ ပေတံနဲ့ပဲ တိုင်းတာစေချင်တယ်” ဟု လဝီက ပြောသည်။
စမိုင်းချမ်းက “ကျနော့် အနေနဲ့ ဒီမွန်ပါတီသစ်မှာ ကျနော်တို့ ဂီတဆရာတွေက ခေါင်းဆောင် ဖြစ်နေတာမို့ ပုဂ္ဂိုလ်ရေးအရတကြောင်း၊ သီချင်းစာသားကလည်း ကျနော်နဲ့ ကိုက်ညီလို့ ဆိုဖြစ်တာပါ” ဟု ပြောသည်။
စမိုင်းချမ်း သီဆိုသည့် မွန်သီချင်း အမည်မှာ “မွန်ကို မဲပေးကြပါ” ဟု သိရသည်။
ထို့အပြင် ဂီတမွန်အဖွဲ့သားများ တစ်ဦးတစ်ယောက်မှ မွန်ဒေသလုံးဆိုင်ရာ ပါတီအတွက် မဲဆွယ်သီချင်း လုံးဝမဆိုဖြစ်ဟု စမိုင်းချမ်းက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် ဥက္ကဌ နိုင်ငွေသိန်းနှင့် နိုင်ကျန်ရစ်တို့မှာ မွန်ဂီတ အစည်းအရုံး နာယကဝင်များ ဖြစ်ကြသည်ဟု မှတ်တမ်းများအရ သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ပါတီသည် မွန်အမျိုးသားကိုယ်စားပြု ပါတီတစ်ရပ်အဖြစ် လာမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု သိရသည်။
သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့တို့ လက်မခံကြသလို MAU ခေါ် မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်ကလည်း ဆန္ဒမဲပေးမှုကို မွန်ပြည်သူများ ဆန့်ကျင်သွားရန် ပြီးခဲ့သည့် လအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။