ကေအိုင်အို မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်မှု အပေါ် စစ်အစိုးရ တားဆီး

ကေအိုင်အို မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်မှု အပေါ် စစ်အစိုးရ တားဆီး
by -
အောလို

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှ ၎င်းတို့ နယ်မြေရှိ ဝင်ထွက်သွားလာနေသော မော်တော်ယဉ်များအား မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်သည့် ပို့စတာ ကပ်ပေးလိုက်သည်ကို စစ်အစိုးရ ဂိတ်တွေမှ ဟန့်တားကာ ဖြုတ်ခိုင်း....

 

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှ ၎င်းတို့ နယ်မြေရှိ ဝင်ထွက်သွားလာနေသော မော်တော်ယဉ်များအား မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်သည့် ပို့စတာ ကပ်ပေးလိုက်သည်ကို စစ်အစိုးရ ဂိတ်တွေမှ ဟန့်တားကာ ဖြုတ်ခိုင်းလိုက်သည်ဟု ဒေသခံတွေ ပြောသည်။

ကေအိုင်အိုမှ မူးယစ်ဆေးဝါး တားဆီးရေး စာသားတွေ ကပ်ခဲ့သည်ကို မြစ်ကြီးနား-လိုင်ဇာလမ်း လဂျားယန် စုပေါင်းဂိတ်မှ မော်တော် ယဉ်များ ဟန့်တားပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ဖြုတ်ခိုင်းခြင်း ဖြစ်သည်။

“ဒီစစ်အစိုးရကတော့ ဘာပဲဖြစ်ဖြစ် ကျတော်တို့ လုပ်တာကို သူတို့ကတော့ ကူညီမှာတော့ မဟုတ်ဘူး။ ကျတော်တို့ တွက်ပြီးသား ဖြစ်တယ်။ ကျတော်တို့ စခန်းမှာ လာကပ်တယ် ဆိုပေမဲ့ သူကတော့ နည်းနည်းပါးပါး ဆန့်ကျင်တာတော့ သူ့ဘက်က သူ့လုပ်ငန်းနဲ့ သူ့တာဝန်နဲ့တော့ လုပ်မှာပဲ” ဟု ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ နော်ဘူ ပြောသည်။

မူးယစ်ဆေးဝါးသည် “အဓိက ရန်သူ” ဟု စာသားဖြင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲသူများအား စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ချေမှုန်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အရ ကေအိုင်အိုမှ ၎င်းတို့ နယ်မြေအတွင်း မူးယစ်ဆေးဝါး တားဆီးသည့် စာသားများ လိုက်ဝေခြင်း၊ လိုက်ကပ် ခြင်းနှင့် မူးယစ်ဟော်ပြောခြင်း အစရှိသည့် လုပ်ငန်းဆောင်သာများအား စက်တင်ဘာ ၅ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ယခုလို စက်တင်ဘာလမှ မူးယစ်တားဆီးရေး ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းသည် စက်တင်ဘာ၊ အောက်တိုဘာလတွင် ဘိန်းခင်းစတင် စိုက်ပျိုးသည့် အချိန်ကာလတစ်ခု ဖြစ်ပြီး ဘိန်းစိုက်ပျိုးခြင်းကို တားဆီးအရေးယူနိုင်ရန်၊ ပညာပေး ဟော်ပြောခြင်းများ လုပ်ဆောင်နိုင်ရန် ဖြစ်ကြောင်း နော်ဘူမှ ပြောသည်။

“မူးယစ်ဆေး မသုံးစွဲတော့ပါဘူး ဆိုတဲ့ ဂတိဝန်ခံချက်တွေ လက်မှတ်ရေးထိုးတဲ့ အပိုင်းတွေ မနက်ဖြန် တစ်ဘက်ခါ စဖို့ ကျတော်တို့ စီစဉ်ထားပါတယ်” ဟု ဆက်လက်ပြီး လုပ်ဆောင်သွားမည့် လုပ်ငန်းများကို နော်ဘူမှ ဆက်ပြောသည်။

မူးယစ်တိုက်ဖျက်ရေးကို ကေအိုင်အို ထိန်းချုပ်နယ်မြေများ အားလုံးတွေ လုပ်ဆောင်နေခြင်း ဖြစ်သည်။ စစ်အစိုးရမှ ဆန့်ကျင်ပိတ်ပင် တားမှုတွေကြားမှ အချိန် အကန့်အသတ် မရှိ မူးယစ်တားဆီး ချေမှုန်းသွားမည် ဖြစ်ကြောင်း နော်ဘူမှ ပြောသည်။

တရုတ်နယ်စပ် စီးပွားရေး ဖြစ်သည့် လိုင်ဇာဂိတ် အဝင်အထွက် တစ်နေ့လျှင် မော်တော်ယဉ် အစီး ၅၀ကျော် ဖြတ်သန်း သွားလာ ကြောင်း သိရသည်။

 

 

 

 

Most read this week