ယခုတပါတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးးမြို့၌ ကိုးကန့်ပါတီ KDUP က ကိုးကန့်လူထုအား မဲစာရွက်နမူနာ ထုတ်ပေးကာ မဲခြစ်နည်း၊ ထည့်နည်းများ သင်ပေးနေ....
ယခုတပါတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးးမြို့၌ ကိုးကန့်ပါတီ KDUP က ကိုးကန့်လူထုအား မဲစာရွက်နမူနာ ထုတ်ပေးကာ မဲခြစ်နည်း၊ ထည့်နည်းများ သင်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
အထူးသဖြင့် ကိုးကန့် တရုတ်လူမျိုး ထူထပ်စွာ နေထိုင်ကြသည့် လားရှိုးမြို့ ရပ်ကွက် ၂ စာရေးကုန်း၊ ရပ်ကွက် ၇ လုံလော့၊ ရပ်ကွက် ၈ မန့်ဆုနှင့် ရပ်ကွက် ၁၂ လားရှိုးးကြီးတို့၌ မဲပေးပိုင်ခွင့်ရှိသူ ကိုးကန့်များအား မဲစာရွက် နမူနာပုံစံ လိုက်လံဖြန့်ဝေပြီး သင်ကြားပေး နေကြောင်း ရှမ်းတရုတ် ကပြား အမျိုးသမီးတစ်ဦးက ပြောပြ၏။
“ပါတီလိုဂိုဖြစ်တဲ့ ကြိုးနှစ်ချောင်းကိုးကန့်စောင်း အမှတ်တံဆိပ်ဘေးနားကအကွက် အမှန်ခြစ်ရမယ့် နေရာမှာ ဘယ်အရွယ် အစား နဲ့ ဘယ်ပုံစံခြစ်ရမယ်ဆိုတာ ပြီးခဲ့အပတ်ကစပြီး ကနေ့အထိ ပြနေတယ်” ဟု အသက် ၂၅ နှစ်ရှိ လားရှိုးကြီးဈေး အတွင်းကုန်စုံဆိုင်ပိုင်ရှင် ကလည်းပြောသည်။
လားရှိုးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၀,၀၀၀ ကျော်အနက် ကိုးကန့်ပါတီ KDUP က မဲဆန္ဒ ၅၀,၀၀၀ ကျော် သေချာ ပေါက် ထောက်ခံမဲရနိုင်သည့် အလားအလာရှိကြောင်း ကိုးကန့်ပါတီဝင်တဦးက လည်း ပြောပြ၏။
“လားရှိုးမှာ ကိုးကန့်ပါတီကတော့ နံပါတ်တစ်ဘဲ။ အင်အားကြီးတဲ့ ကြံ့ဖွံ့ပါတီ၊ ကျားဖြူပါတီတောင်မှ နံပါတ်နှစ်သုံးပေါ့။ ဘာကြောင့်လဲ ဆိုတော့ လားရှိုးမှာ တရုတ်စကား ပြောတတ်တဲ့ သူတွေ များတယ်လေ” ဟု မူဆယ်ရောက် လားရှိုးတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် ကိုးကန့်ပါတီ KDUP၊ ကြံ့ဖိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ တစည ပါတီ NUP နှင့် ကျားဖြူပါတီ SNDP အပြင် ၀ WNDP နှင့် ပလောင်ပါတီတို့လည်း ၀င်ပြိုင်မည်ဟု ကြားသိရသည်။