ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်မှ ပညာရေးဌာနဆိုင်ရာ ၀န်ထမ်းများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)သို့ ကူးပြောင်းမှုကြောင့် ကျောင်းများနှင့် သက်ဆိုင်ရာ ပညာရေးဌာနများ၌ ၀န်ထမ်းနေရာ လစ်လပ်မှုများ ရှိ....
ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်မှ ပညာရေးဌာနဆိုင်ရာ ၀န်ထမ်းများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)သို့ ကူးပြောင်းမှုကြောင့် ကျောင်းများနှင့် သက်ဆိုင်ရာ ပညာရေးဌာနများ၌ ၀န်ထမ်းနေရာ လစ်လပ်မှုများ ရှိနေသည်။
“ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရှိတဲ့ ကျောင်းမှာ ဆရာတွေက နိုင်ငံရေးပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီထဲ ၀င်လို့ ကျောင်းမှာ ဆရာတွေ မရှိတော့ဘူး” ဟု ဒီးမော့ဆိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ်အမတ်လောင်းများသည် ပညာရေးဌာနရှိ ကျောင်းဆရာ၊မများနှင့် ၀န်ထမ်းများလည်း အများစု ပါဝင်နေကြသည်ဟု သူက ဆိုသည်။
ဝန်ထမ်းနေရာ လစ်လပ်မှု ရှိနေသော ကျောင်းများသည် မြို့နှင့် နီးသော ဒေသများ ဖြစ်သောကြောင့် နယ်ဝေးတွင် တာဝန်ကျသော ကျောင်းဆရာ၊မများက ၀င်ရောက်နေရာယူရန်လည်း အလုအယှက် လျှောက်ထားကြသည်ဟု ပညာရေး ၀န်ထမ်းများနှင့် နီစပ်သူ တစ်ဦးက ပြောသည်။
သူက “ရွာတွေဘက်မှာ တာဝန်ကျတဲ့ ဆရာ၊မတွေ မြို့နယ်ပညာရေးမှူးရုံးမှာ ပြောင်းရွေ့စာ တင်ထားတာ အတော်များတယ်” ဟု ပြောပါသည်။
ပြောင်းရွှေ့စာ တင်ထားကြသော ကျောင်းဆရာ၊မများသည် သက်ဆိုင်ရာ ပြည်နယ်နှင့် မြို့နယ်ပညာရေးမှူးများကို အနည်းဆုံး ကျပ်ငွေတစ်သိန်း လာဘ်ထိုးထားကြသည်ဟု သူက ဆက်ပြောသည်။
အာဏာပိုင်များသည် ကျောင်းဆရာ၊မများအား ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်တွင် ပါဝင်ဦးဆောင်ရန်နှင့် ကြံ့ဖွံပါတီ အနိုင် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် ဖိအားပေးထားကြောင်း လွိုင်ကော်မြို့ခံ တစ်ဦးကလည်း ပြောသည်။
၎င်းက “ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မှာ ဆရာ၊မတွေက အလိုအလျှောက် ဦးဆောင်ရမယ်လို့ ဆရာမတယောက်ဆီကနေ ကျနော် ကြားရတယ်။ အာဏာပိုင်တွေက ဆရာ၊မတွေကို ညွန်ညားထားပြီလေ။ လက်ရှိ အစိုးရ နိုင်အောင် ကူညီပေးဖို့ပေါ့” ဟု ပြောသည်။
ကျောင်းဆရာ၊မများအား မဲရုံးမှူး၊ မဲရေတွက်ချိန်နှင့် မဲလာထည့်သည့် ဒေသခံများကို ကူညီပေးသည့် နေရာများတွင် တာဝန်ယူ ဆောင်ရွက်ခိုင်းခြင်းသည် ပိုမိုစိတ်ချရသည်ဟု ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ဒီးမော့ဆိုမြို့နယ်မှ မြို့နယ်ဥက္ကဌက ပြောကြားခဲ့သည်။