လယ်မြေ သိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ

လယ်မြေ သိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ
by -
ကျလွန်းထော

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ အခြေစိုက် ခမရ ၂၀၉ တပ်တို့က လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ပြင်ဆင်....

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ အခြေစိုက် ခမရ ၂၀၉ တပ်တို့က လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ပြင်ဆင်နေသည်။

မုဒုံမြို့နယ် ဒိုးမားကျေးရွားရှိ လယ်ပိုင်ရှင် ၈ ဦး ပိုင်ဆိုင်သည့် လယ်မြေဧက ၅၀ ကျော်နှင့်၊ ကွမ်လှာရွာရှိ လယ်ပိုင်ရှင် ၇ ဦးတို့ ပိုင်ဆိုင်သည့် လယ်ဧက ၃၀ ကျော်တို့ကို ရွေးကောက်ပွဲ မတိုင်ခင် တပ်မြေအဖြစ် သိမ်းဆည်းရန် ၎င်းတပ်တို့က ကျေးရွာဥက္ကဌအား တိုက်တွန်းနေသည်။

“လာပြောနေတာ ၄ ခါ၊ ၅ ခါလောက် ရှိပြီး၊ သူတို့ လိုချင်ရင် လယ်သမားတွေကို ကိုယ်တိုင်သွားပြောပေါ့၊ လယ်သမားတွေကိုလည်း သူတို့ ကိုယ်တိုင် မပြောချင်ကြဘူး၊ ကျနော်လည်း အဲဒီလိုမျိုး မလုပ်ပေးနိုင်ဘူး” ဟု ကျေးရွာဥက္ကဌ တစ်ဦး၏ အဆိုကို နီးစပ်သူ တစ်ဦးက ပြောပြသည်။

၎င်းလယ်မြေများမှာ နွေစပါးနှင့် မိုးစပါးများ နှစ်စဉ် စိုက်ပျိုးနေသော်လည်း ယခုမှာ မျက်ပင်များ ထူထပ်နေပြီး စပါးများ မစိုက်ပျိုးနိုင်ပဲ တည်ရှိနေသည်။ ထိုကြောင့် ၎င်းလယ်မြေ လွတ်နေသည်ကို မြန်မာစစ်တပ်တို့က တပ်မြေအဖြစ် သိမ်းလိုခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

လယ်သမားများမှာ ၎င်းတို့၏ လယ်မြေများ မြက်ပင်များ ထူထပ်နေသော်လည်း စစ်အစိုးရတပ်များအား မပေးအပ်နိုင်ကြောင်း လယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

“ကျနော်တို့ လယ်ပျက်စီးရင် ပျက်စီသွားပါစေ၊ စစ်တပ်တွေရဲ့ လက်ထဲ မအပ်နိုင်ဘူး၊ အကုန်လုံး ပျက်စီးနေတာတော့ မဟုတ်ဘူး။ စားဖို့ သောက်ဖို့လောက်တော့ စိုက်လို့ ရပါသေးတယ်” ဟု ၎င်းလယ်သမားက ပြောသည်။

ခမရ ၂၀၉ က ၎င်းလယ်မြေများကို ရွေးကောက်ပွဲ မတိုင်ခင်အတွင်း အမြန်သိမ်းလိုပြီး ရွေးကောက်ပွဲ ပြီးဆုံးသွားပါက ပြန်လည်ပြုပြင်ပြီး လယ်သမားများအား ပြန်လည်ရောင်းချရန် အစီအစဉ် ဆွဲနေသည်ဟု မုဒုံမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ ကောက်နုက်ချက်အရ ၎င်းခမရတပ်ရင်း ၂၀၉ မှာ လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်တွင် မုဒုံမြို့ အနီးရှိ လယ်မြေများ စတင်သိမ်းဆည်းခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ကျိုက်ကမော့ကြီးဘုရား ညာဘက်ခြမ်းရှိ သီဟိုရ်ခြံနှင့် ရာဘာခြံ ၂၀၀ ဧက၊ ၂၀၀၈ ခုနှစ်တွင် ကမာဝက်ကျေးရွာနှင့် ကလော့သော့ကျေးရွာ အနီးတွင် လယ်မြေဧက ၇၀ ကျော်ကို တပ်မြေအဖြစ် သိမ်းယူပြီး နောက်ပိုင်း ရွာသားများအား တဖန်ပြန်လည်ရောင်းချပေးခဲ့သည်။

“လယ်မြေတွေက မွန်လူမျိုးတွေအတွက် သွေးကြောတစ်ခုပဲ၊ ဒီလိုအသိမ်းခံရတာ မွန်ပြည်သစ်ပါတီလည်း မကယ်နိုင်ဘူး၊ ဘယ်ဌာနကို တိုင်တိုင် သူတို့က ဂရုမစိုက်ဘူး” ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ တာဝန်ခံ ကိုအွန်းမွန်က ပြောသည်။

၎င်းတပ်များမှာ တပ်အနေနဲ့ လယ်မြေများကို သိမ်းယူသလို ပုဂ္ဂိုလ်ရေးအရလည်း သိမ်းယူနေသည်ကြောင်း ယခု သိမ်းရန် ပြင်ဆင် နေသည်မှာလည်း များမကြာခင် တရားဥပဒေကျကျ လာရောက်သိမ်းယူလိမ့်မည်ဟု ကိုအွန်းမွန်က ဆက်ပြောသည်။

မုဒုံမြို့နယ်တွင် စပါး စိုက်ပျိုးနိုင်သည့် လယ်မြေဧက ၈၆၈၀၃ ဧက ရှိသည်ဟု ခရိုင်စိုက်ပျိုးရေး စိုက်ပျိုးရေး ပြီးစီးမှု အစီခံစာအရ သိရသည်။