မြန်မာယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူများ တင်ဆောင်လာသော မှန်လုံ အမြန်ယာဉ် တစ်စီး ယမန်နေ့နံနက်တွင် တိမ်းမှောက် ခဲ့သဖြင့် (ယမန်နေ့ သတင်းဖေါ်ပြပြီး) ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာတွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သည်ဟု ထပ်မံ သိရ...
မြန်မာယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူများ တင်ဆောင်လာသော မှန်လုံ အမြန်ယာဉ် တစ်စီး ယမန်နေ့နံနက်တွင် တိမ်းမှောက် ခဲ့သဖြင့် (ယမန်နေ့ သတင်းဖေါ်ပြပြီး) ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာတွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သည်ဟု ထပ်မံ သိရသည်။
သေဆုံးသူ အမည်မှာ အသက် (၂၉) နှစ်ရှိ ကိုအောင်ကိုလင်း၊ ပဲခူးတိုင်း၊ ညောင်လေးပင်ဇာတိဟု နီးစပ်သူ တစ်ဦးက ပြောသည်။
“အတွင်းဒဏ်ရာနဲ့ ဆေးရုံမှာ မနေ့မွန်းလွဲပိုင်းက ဆုံးသွားတာ ဒီမနက်မှ သိရတယ်၊ ဒီသတင်းကို သူ့ဇနီးလည်း ခုထက်ထိ မသိရ သေးဘူးလို့ ထင်တာပဲ၊ သူ့ဇနီးလည်းကား မှောက်တဲ့အထဲ ပါသွား တာပဲ၊ ခုတော့ လူနာတွေက တကွဲတပြားစီ ဖြစ်သွားပြီ၊ ဆေးရုံမှာ လူနာ သိပ်မကျန်တော့ဘူး” ဟု အဆိုပါ နီးစပ်သူက ပြောပါသည်။
သေဆုံးသူ ဇနီးအား အဆက်အသွယ် မရသဖြင့် မည်ကဲ့သို့ သဂြိုလ် မည်ကို မသိရသေးပေ။
အဆိုပါ အခင်း ဖြစ်ပွားမှုတွင် ဒဏ်ရာ အပြင်းထန်ဆုံးဟု ဆရာဝန်က ယူဆရသူ ဒေါ်သန်းဝင်းက အဆိုပါ လူနာတစ်ဦး သေဆုံးသည့် သတင်း ယနေ့တွင် ကြားသိရကြောင်း ကောင်းဝါသို့ အတည်ပြုပြောကြားခဲ့သည်။
၎င်း၏ ခြေထောက်ဒဏ်ရာများ ခွဲစိတ်ပြီး ဖြစ်ကြောင်း၊ အရိုးတစ်နေရာ၌ စတီးဖြင့် ဆက်သွယ်ထားရပြီး ကုန်ကျစရိတ် ဘတ်ငွေ တစ်သိန်းကျော် ရှိသည်ဟု ပြောသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် မှန်လုံယာဉ်မှာ အာမခံထားရှိသဖြင့် လူနာများအတွက် ကုန်ကျမည့် ဆေးဝါးကုသမှု စရိတ်များကို သက်ဆိုင်ရာ အာမခံကုမ္ပဏီမှ ပေးဆောင်ရမည်ဟု (Nitipon) နိတိဖွန် ကုမ္ပဏီတာဝန်ခံ တဦးက သတင်းဌာနများကို ပြောခဲ့သည်။
(NITIPON) နိတိဖွန် ကုမ္ပဏီသည် ရနောင်းမြို့တွင် ရုံးခန်း ဖွင့်လှစ်ထားကာ ယာယီပတ်စပို့ တာဝန်ယူ လုပ်ကိုင်သော ကြားခံပွဲစား ကုမ္ပဏီ တစ်ခု ဖြစ်သည်။
ယခုလ (၆) ရက်နေ့၌ ရနောင်းမြို့တွင် မြန်မာနိုင်ငံသား တစ်ရာကျော်ခန့်အား မြန်မာယာယီပတ်စပို့ ပြုလုပ်အပြီး မဟာချိုင်သို့ အပြန်ခရီးတွင် ကားဘီးပေါက်၍ တိမ်းမှောက်ခဲ့သည်ဟု ကာယကံရှင်များ ပြောသည်။
ထိုမှန်လုံတိမ်းမှောက်မှုကြောင့် မှန်လုံယာဉ်ယာဉ်နောက်မှ လိုက်ပါမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်ငယ် တစ်စီးက ဝင်တိုက်မိ ပြန်သဖြင့် ယာဉ်ပေါ်ပါ နိုင်ငံခြားသား (၃) ဦးလည်း ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါ လူနာ ကိစ္စများအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသူ မြန်မာအေးဂျင့် တစ်ဦးက ပြောသည်။
မြန်မာရွေ့ပြောင်းအလုပ်သမားများ ကားမှောက်မှုသတင်း မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း ယာယီပတ်စပို့ ပြုလုပ်သူများ ကားမှောက်သည့် သတင်းမှာ ယခုပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။