သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ ကချင်ကျေးရွာများသို့ ပထမဆုံးအကြိမ် ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းများ ဒီမိုကရက်တစ် ပါတီက ယခုလ ၆ ရက်နှင့် ၇ ရက်နေ့များ၌ စည်းရုံးရေး ဆင်းခဲ့ရာ ကချင်တိုင်းရင်းသားများ၏ စိတ်ဝင်စားမှု ရရှိ....
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ ကချင်ကျေးရွာများသို့ ပထမဆုံးအကြိမ် ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းများ ဒီမိုကရက်တစ် ပါတီက ယခုလ ၆ ရက်နှင့် ၇ ရက်နေ့များ၌ စည်းရုံးရေး ဆင်းခဲ့ရာ ကချင်တိုင်းရင်းသားများ၏ စိတ်ဝင်စားမှု ရရှိကြောင်း သိရသည်။
ကချင်လူမျိုး အများစု နေထိုင်သော က၀ါးရှက်၊ ကတော့ကောင်၊ ရန်ဟူးနှင့် ကောင်းကတ်ရွာများအထိ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းကျော်အုန်းနှင့် ပါတီဝင်များ လိုက်ပါ၍ ၂ ရက်တာ စည်းရုံးရေး ဆင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စည်းရုံးရေး ခရီးသည် မိုးထဲရေထဲ တောင်ပေါ်ခရီးကြမ်း ဖြစ်သော်လည်း ပါတီဝင်များ တက်ကြွမှု ရှိကြောင်း ရလဒ်ကောင်းများ ရရှိကြောင်း ကျားဖြူ၏ စည်းရုံးမှုကို အနီးကပ် စောင့်ကြည့်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“၆ ရက်နေ့က ကောင်းကတ်နဲ့ က၀ါးရှက်ရွာ ၂ ရွာပေါ့ ရ ရက်နေ့ကတော့ ကတော့ကောင်နဲ့ ရန်ဟူးရွာတွေမှာ ဟောပြောစည်းရုံးတယ်။ ဒေသခံတွေ စိတ်ဝင်စားမှု ရှိပါတယ်” ဟု သူက ပြောသည်။
စည်းရုံးရေး အစီအစဉ်များတွင် ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပေးခြင်း၊ ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းက စည်းရုံး ဟောပြောခြင်း၊ မဲပေးသည့် စနစ်များကို ရှင်းလင်းပြောကြားခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း စသည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
“အသက်ကြီးတဲ့ လူတွေ ဒေသခံတွေ မေးကြတာကို ထောက်ထားပြီး စိတ်ဝင်စားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အခု စည်းရုံးရေး ခရီးက အခြေအနေ ကောင်းပါတယ်။ ပါတီဝင် ဦးဂျာနော် ဆိုတာ ကချင်တိုင်းရင်းသားပဲ သူကနေ စည်းရုံးပေးတာပေါ့။ ပြည်သူတွေ ရွာသားတွေကလည်း သူ့ကို ယုံကြည်ကြတယ်” ဟု သူက ဆိုသည်။
ကျားဖြူပါတီ၏ အဆိုပါ စည်းရုံးရေး ခရီးတွင် ရဲအထူးသတင်း တပ်ဖွဲ့မှ လိုက်ပါခဲ့သော်လည်း နှောက်ယှက်မှု မရှိကြောင်း သိရသည်။