လားရိုး - မိုင်းရူး လမ်းအပိုင်းရှိ နမ့်လောင်းနှင့် နမ့်ပေါင့်ချောင်းကူး တံတားများ ပြင်နေသဖြင့် ယခုအခါ လားရိုး - မိုင်းရူး ခရီးသွားများ လမ်းတွင် တစ်ညအိပ်နေရ....
လားရိုး - မိုင်းရူး လမ်းအပိုင်းရှိ နမ့်လောင်းနှင့် နမ့်ပေါင့်ချောင်းကူး တံတားများ ပြင်နေသဖြင့် ယခုအခါ လားရိုး - မိုင်းရူး ခရီးသွားများ လမ်းတွင် တစ်ညအိပ်နေရကြောင်း လွန်ခဲ့သည့် ၂ ရက်ခန့်က လားရိုးသို့ ပြန်ရောက်လာသည့် ကုန်သည် တစ်ဦး၏ အဆိုအရ သိရသည်။
အဆိုပါ တံတားများ အရောက်တွင် ကားများကို နာရီနှင့် ချီကြာအောင် စောင့်ဆိုင်းစေပြီး အသုတ်လိုက် ခွဲလွတ် သဖြင့် ခရီး နှောင့်နှေးကာ နမ့်ပေါင့်အလွန် မိုင်းရယ် အနီး၌ ကားများ တစ်ည အိပ်ရပ်နားရကြောင်း သိရသည်။
“တံတားတွေ ပြင်နေတာ ၂ ပတ်လောက် ရှိပြီ။ ဖြုတ်လိုက် တပ်လိုက်နဲ့ မပြီးသေးဘူး။ တံတားနား ရောက်ရင် ၂ နာရီ လောက် စောင့်ရတယ် တစ်ရက်ကို ကား ၁၀ စီးလောက်စီ ၂ သုတ် ၃ သုတ်ခွဲခွဲပြီးလွတ်တယ်။ နမ့်ပေါင့်ကအထွက် နမ့်ပေါင့်စခန်းလို့ ခေါ်တာပေါ့ဗျာ။ တည်းခိုခန်းတွေရှိတွေ အဲဒီမှာ အိပ်ရတယ်” လို့ သူက ဆိုသည်။
မိုင်းရူး - လားရိုး ခရီးစဉ်တွင် ကောင်းလမ်း၊ နမ့်လောင်း၊ နမ့်ပေါင့်၊ မိုင်းရယ် နှင့် လားရိုး စသည့် နေရာများကို ဖြတ်သွားရပြီး ပုံမှန် အားဖြင့် အဆိုပါ ခရီးကို ၄ နာရီဝန်းကျင်သာ သွားရကြောင်း သိရသည်။
“ခရီးသွားတွေတော့ တော်တော်ကို အခက်အခဲ ဖြစ်နေတယ်။ မိုင်းရယ်ဂိတ်မှာလည်း အစစ်အဆေး များတယ်။ မျက်နှာကို ငုံ့ကြည့် ပြီးမှကို စစ်ဆေးတာ” လို့ သူက ဆိုသည်။
မိုင်းရူးမြို့သည် ပြည်သူ့စစ် ဖွဲ့စည်းရေး လက်မခံသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ တပ်မဟာ ၁ ထိန်းချုပ်ရာ ၀မ်ဟိုင်း အနီးတွင် တည်ရှိပြီး အဆိုပါ ဒေသသည် သျှမ်းတပ်များ လှုပ်ရှားရာ နယ်မြေ ဖြစ်ကြောင်း သိရသည်။