တပ်တွင်းလစာ တိုးမြှင့်ပေးမည့် သတင်းထွက်ပေါ်

တပ်တွင်းလစာ တိုးမြှင့်ပေးမည့် သတင်းထွက်ပေါ်
by -
ဇော်ကြီး

ကချင်ပြည်နယ်အတွင်းရှိ စစ်အစိုးရတပ်သားများအား လာမည့် လမှ စ၍ လစာများ တိုးမြှင့်ပေးမည်ဟု စစ်တပ် အသိုင်းအ၀ိုင်းက ပြော....

ကချင်ပြည်နယ်အတွင်းရှိ စစ်အစိုးရတပ်သားများအား လာမည့် လမှ စ၍ လစာများ တိုးမြှင့်ပေးမည်ဟု စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

နမ္မတီးမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များအား လက်ရှိ လစာအပြင် တစ်ဦးလျှင် ကျပ်သုံးသောင်းစီ တိုးမြှင့်ပေးမည်ဟု သိရကြောင်း စစ်တပ်နှင့် နီးစပ်သည့် နမ္မတီးမြို့ခံ တစ်ဦးက ယခုလို ပြောသည်။

စကခ (၃) က တော်တော်လေး ခိုင်တဲ့ သတင်းပေါ့နော်။ တပ်မိသားစုထဲက ပြောတာ။ ဒီလကုန်ရင် လက်ရှိ လစာအပြင်ကို တစ်ယောက်ကို သုံးသောင်း တိုးပေးမယ်လို့ ပြောသံကြားတယ်။ အဲဒီထဲမှာတောင်မှ အရာရှိအဆင့် မပါဘူးတဲ့။

ထို့အပြင် တပ်တွင်း ရဲဘော် တစ်ဦးလျှင် ကျပ်ငွေ သုံးသိန်း နှုန်းဖြင့် ငွေထုတ်ချေးပေးမည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲ၌ တပ်တွင်း မိသားစုများထံမှ မဲရရှိနိုင်ရန်နှင့် အကယ်၍ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် တိုက်ပွဲများ ဆင်နွဲလာပါက အောက်ခြေ ရဲဘော်ထုအား စည်းရုံးနိုင်ရန် ယခုလို တိုးမြှင့်ပေးခြင်း ဖြစ်နိုင်သည်ဟု စစ်တပ် အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ တပ်ဖွဲ့အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အထက်၊အောက် ကွာဟမှု ပြဿနာများ ပြေလည်နိုင်ရန် စီစဉ်ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံက သုံးသပ်သည်။

အရာရှိကို ပြီးခဲ့တဲ့ အပတ်တုန်းက တအားမြှင့်ပေးထားတာလေ။ အဲတာကြောင့် အုပ်ချုပ်မှုအရ အရာရှိနဲ့ အခြားအဆင့် ပြဿနာ ဖြစ်နေတာတွေ အများကြီး ရှိနေတယ်။ အဲဒီကြားထဲက ကွာဟမှု စနစ်ကို သူတို့က အတတ်နိုင်ဆုံး ညှိပေးတဲ့ သဘောမျိုး ဖြစ်မယ်လို့ ကျနော် ထင်တယ်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့ပေါ်ရှိ စစ်တပ်ထိပ်ပိုင်း အရာရှိ အသိုင်းအ၀ိုင်းကြားတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုနေကြကြောင်း အာဏာပိုင်နှင့် နီးစပ်သူ မြို့ခံတဦးက ယခုလို ပြောသည်။

တပ်ဖွဲ့ဝင်အားလုံး တစ်ယောက်ကို သုံးသောင်းစီ တိုးမယ်လို့ ပြောတယ်။ အဲဒီကိစ္စ သေချာတယ်တဲ့။ ဒါပေမယ့် တရားဝင် စာတော့ မ၀င်လာသေးဘူးလို့ ပြောတယ်။

တပ်မတော်ရေတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တပ်သားတစ်ဦးကလည်း လစာတိုး ပေးရန် ကိစ္စနှင့် ပတ်သက်၍ သေချာ မသိရ သေးသော်လည်း ချေးငွေထုတ်ပေးမည့် သတင်း မှန်ကန်ကြောင်း ယခုလို အတည်ပြု ပြောဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်း အကုန်လုံးက ၀န်ထမ်းတွေကို တစ်ယောက်ကို ငါးသိန်းစီလောက် ချေးပေးမယ်လို့ ကြားတယ်။ ရဲဘော် အယောက်တိုင်းကိုလို့ ပြောတယ်။

ချေးငွေများအား လစာငွေများထဲမှ လစဉ် အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဟု သိရသည်။

စစ်အစိုးရ တပ်ဖွဲ့အတွင်း ခြေလျှင်နှင့် ခြေမြန် တပ်ရင်းများတွင် တပ်သားအဆင့် ရဲဘော်များ၏ လက်ရှိ လစာ သုံးသောင်းကျော် ရှိပြီး ဒုတပ်ကြပ်မှ အရာခံ ဗိုလ်အထိ အဆင့်တစ်ဆင့်လျှင် ကျပ်ခြောက်ထောင် ကွာဟသည်ဟု သိရသည်။

လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းက တပ်မတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဓိက ကျသည့် တပ်မတော်ထိပ်ပိုင်း ရာထူးနေရာ (၄၀) ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

အလားတူ ယမန်နေ့ကလည်း စစ်တပ်အတွင်း ဒုတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးများ အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုချက် မရသေးပါ။

တာချီလိတ်မြို့ရှိ စစ်မှုထမ်းဟောင်း တစ်ဦးကလည်း ယခင် စစ်အစိုးရခေတ် အဆက်ဆက်ကတည်းက တပ်ဖွဲ့တွင်း ရာထူး အပြောင်း အလဲ ပြုလုပ်သည့်အခါတိုင်း ယခုလို လစာတိုးမြှင့်မှု ဖြစ်လေ့ရှိသည်ဟု ပြောသည်။

သို့သော် တပ်တွင်း လစာ တိုးမြှင့်ပေးရုံနှင့် လက်ရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ကုန်ဈေး နှုန်းကတော့ တက်လာမှာပဲ။ သူတို့ လစာတွေတိုးလေလေ အသုံးစားရိတ်တွေက ကြီးလာလေဖြစ်မှာပဲ။ အဲဒီမှာ ဘယ်သူတွေက နစ်နာမလဲဆိုတော့ သာမန်လက်လုပ် လက်စားတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်နေကြတဲ့သူတွေ နစ်နာတာပေါ့။ ဒီတော့ သူတို့ကိုလည်း လုပ်အားခ တိုးပေးဖို့ လိုမယ်လေ။ ဒါမှ မျှတမှု ရှိမှာပေါ့။ ဒီကိစ္စကလည်း လက်ရှိ အစိုးရမှာပဲ တာဝန်ရှိတာပေါ့ဟု အဆိုပါ စစ်မှုထမ်းဟောင်းက သုံးသပ်ပြောဆိုသည်။

တပ်မတော်သားများအား လစာတိုးမြှင့်ပေးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း အရပ်ဖက် ၀န်ထမ်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုသံ မကြားရသေးပါ။

 

 

 

 

 

Most read this week