လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်သူများ အနေနဲ့ ကိုယ့်အမျိုးသားရေး စိတ်ဓာတ်အား ကောင်းသည့် အမတ်လောင်းများကို မဲထည့်ရွေးချယ်ကြရန် ချင်း အမျိုးသားပါတီက တိုက်တွန်း...
လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်သူများ အနေနဲ့ ကိုယ့်အမျိုးသားရေး စိတ်ဓာတ်အား ကောင်းသည့် အမတ်လောင်းများကို မဲထည့်ရွေးချယ်ကြရန် ချင်း အမျိုးသားပါတီက တိုက်တွန်း လိုက်သည်။
ချင်းလူမျိုးစု ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရောက်မည့် ချင်းအမျိုးသား ပါတီဥက္ကဌ ပူးဇိုဇမ်းက မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ယခုလ ၃ ရက်နေ့က ချင်းပြည်သူ တရပ်လုံးနှင့် တတိုင်းပြည်လုံးကို တိုက်တွန်းနှိုးဆော်လိုက်ခြင်း ဖြစ်သည်။
ချင်းလူမျိုးများ တကယ်တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပြည်သူတွေ အနေနဲ့ အမျိုးသားရေး စိတ်ဓါတ်ရှိသူကို သတိရှိရှိ ရွေးချယ်တတ်ကြဖို့ အရေးကြီးကြောင်း၊ အဟောအပြော ကောင်းရုံနဲ့ မပြီးကြောင်း၊ မဲထည့်ရာမှာ မမှားမိစေဖို့ ဦးဇိုးဇမ်က သတိပေးပြောဆို သွားခဲ့သည်။
လူဆိုတာ ကိုယ့်သမိုင်းကို ရေးနေကြတာချည်း ဖြစ်တဲ့အတွက်ကြောင့် အမတ်လောင်းတွေရဲ့သမိုင်းကြောင်းတွေကိုလည်း သတိထားပြီး လေ့လာရန် လိုအပ်ပါတယ်ဟု သူက ပြောသည်။
ယခု ရုပ်မြင်သံကြား အစီအစဉ်တွင် ချင်းအမျိုးသား ပါတီသည် ၎င်းတို့၏ နိုင်ငံရေး မူဝါဒ ၄ ချက်နှင့် စီးပွားရေး မူဝါဒ ၁၅ ချက်ကိုသာ တင်ပြပြောဆိုနိုင်ခဲ့သည်။
ချင်းအမျိုးသား ပါတီ၏ ချင်းပြည်နယ်တွင် လွတ်လပ်စွာ ကိုယ်းကွယ်ယုံကြည်ခွင့်၊ ဘုရားကျောင်း တည်ဆောက်ခွင့်၊ အစိုးရ မူလတန်း ကျောင်းများတွင် ချင်းဘာသာစကားများ သင်းကြားခွင့် ရရှိရေး၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ချင်းပြည်နယ်တွင် လွတ်လပ်စွာ ၀င်ထွက်သွားခွင့်၊ ချင်းပြည်နယ်တွင် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ ပိုမိုထားရှိလာရေး စသည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အချက်အလက်များကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။
ယခု အနေအထားတွင် ချင်းအမျိုးသား ပါတီသည် ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည့် ပါတီများအနက် လူထု၏ ထောက်ခံမှု အရဆုံး ရှေ့ပြေး ပါတီ ဖြစ်နေသည်ဟု သတင်းများအရ သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးနဲ့ ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်သည်။
သူတို့ ပါတီ အနေနဲ့ လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နောက်ထပ်တကြိမ် အစိုးရ ရုပ်မြင်သံကြားမှ နောက်ထပ်တကြိမ် ပြန်လည်ဟောပြောခွင့် ရရှိမှာ ဖြစ်သည်။