မွန်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

မွန်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ
by -
မင်းထက်အောင်

မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ စီးပွားရေးတာဝန်ခံ နိုင်မန်း (ခေါ်) အမန်း သေနတ်ပစ်ခတ်ခံထိသဖြင့် မော်လမြိုင် ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသခံနေရသည်ဟု ၎င်းအသိ မိတ်ဆွေ တစ်ဦးက ဖုန်းဖြင့် အသိပေး....

မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ စီးပွားရေးတာဝန်ခံ နိုင်မန်း (ခေါ်) အမန်း သေနတ်ပစ်ခတ်ခံထိသဖြင့် မော်လမြိုင် ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသခံနေရသည်ဟု ၎င်းအသိ မိတ်ဆွေ တစ်ဦးက ဖုန်းဖြင့် အသိပေးပြောကြားပါသည်။

“ဗိုက်မှာနှစ်ချက် ထိတယ်၊ ဖြစ်ဖြစ်ချင်း ဆေးရုံကို အမြန်တင်လိုက်တယ်၊ သေသလား ရှင်သလား မသိရသေးဘူး၊ လောလောဆယ် သူ့မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေကြလို့” ဟု ၎င်းက ပြောပါသည်။

နောက်ဆုံး အခြေအနေ သိရှိနိုင်ရန် မော်လမြိုင် ဆေးရုံကြီးသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအောင်မြင့် ခဲ့ပေ။

ယမန်နေ့ည (၈) နာရီကျော်ခန့်တွင် နိုင်မန်း ပိုင်ဆိုင်သော ကာရာအိုကေဆိုင်အတွင်း အခင်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ (မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမဘေး)၌ အမျိုးသမီးများ အဖေါ်ထိုင်ပေးသော ၎င်း၏ ကာရာအိုကေ ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားရှိသည်။

ယင်းပစ်ခတ်သွားခဲ့သူ၏ အမည် နေရပ်လိပ်စာများ သိရှိရသော်လည်း ၎င်းတို့၏ လုံခြုံရေးအရ မဖေါ်ပြလိုပေ။

“ပစ်ခတ်တဲ့ သူကို သိတယ်၊ အချင်းချင်းတွေပဲ၊ ကားဆိုင်ကယ် ကိစ္စတွေ ပြဿနာ တက်ကြလို့” ဟု မွန်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့နှင့် စီးပွားရေး လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

မွန်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့မှ မော်တော်ယာဉ် တရားဝင် လိုင်စင် ပြုလုပ်ပေးမည်ဟု ကတိပေးထားပြီး ကားပိုင်ရှင် အချို့ထံမှ ကြိုတင်ငွေရယူထားသည်ဟု စုံစမ်းသိရှိရသည်။

တရားဝင် လိုင်စင် ပြုလုပ်ရန် မော်တော်ယာဉ် တစ်စီးလျှင် ငွေကျပ်သိန်း (၆၀) နှုန်းဖြင့် ကား (၂၅) စီးအတွက် ကြိုတင်ငွေများ ရယူထားသည်ဟုလည်း ကားပွဲစား တစ်ဦးက ပြောသည်။

သို့ရာတွင် ထိုအကြောင်းနှင့် ပတ်သက်၍ မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ အတည်ပြုပေးသူ မရရှိခဲ့ပါ။ ယခု သေနတ် ပစ်ခတ်မှုကို ရဲမှ အမှုဖွင့်မဖွင့် မသိရှိရသေးပေ။

ပြီးခဲ့သည့် သီတင်းပတ်၌ သံဖြူဇရပ်မြို့မှ လူငယ် တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ သေနတ် ပစ်ခတ်မှုကို သံဖြူဇရပ်မြို့မ ရဲစခန်းအမှု မဖွင့်ပေးဟု သိရသည်။

မွန်ပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့ခွဲများ အသွင်အမျိုးမျိုးဖြင့် သွားလာလှုပ်ရှားလျှက်ရှိရာ ပစ်ခတ်လုပ်ကြံမှု သတင်းများ မကြာခဏ ထွက်ပေါ်နေသည်။

ရွေးကောက်ပွဲ ကာလ၌ ယင်းကဲ့သို့ ပစ်ခတ်မှုများ ကိစ္စများ မဖြစ်ပေါ်ရေးအတွက် အထူးသတိပြုနေရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမတ်လောင်း တစ်ဦး သုံးသပ်ပြောဆိုခဲ့သည်။

 

 

 

 

 

 

Most read this week